စစ်ကိုင်းတိုင်းမှာ ရက်၂၀ ကျော်အတွင်း မီးဘေးဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာ

သြဂုတ်၂၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းက ရေဦး ၊ ဒီပဲယင်း ၊ ဝက်လက် ၊ မြင်းမူ ၊ မြောင် ၊ အရာတော် ၊ ယင်းမာပင် စတဲ့မြို့နယ်တွေထဲက ကျေးရွာတချို့ဟာ မီးရှို့ဖျက်ဆီးခံရတာကြောင့် အခုလ ရက်ပေါင်း ၂၀ ကျော်မှာ မီးဘေးဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ မီးဘေးဒုက္ခသည် ၂ သောင်း ဝန်းကျင်ရှိတယ် ၊ ဒီလ ၃ ရက်ကနေ ၂၇ ရက်အထိ ၊ ရက်ပေါင်း ၂၀ ကျော် ကာလထဲမှာ နောက်ထပ် မီးဘေး ဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာတယ် ၊ အဲ့ဒီ ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေ ၊ စာသင်ကျောင်း အဆောက်အဦတွေ ၊ နီးစပ်ရာ ဆွေမျိုးသားချင်းတွေနဲ့ တောတိုက်တွေမှာ ယာယီခိုလှုံနေထိုင်ကြရတာ ၊ ဒီလ အစောပိုင်းမှာ ရေဦးနဲ့ ဒီပင်ယင်းနယ်ဘက်က ရွာတွေဖျက်စီးခံရတယ် ၊ ၁၀ ရက်ကနေ ၂၅ ရက်အတွင်းမှာတော့ ယင်းမာပင် ၊ ဝက်လက် ၊ ကနီနယ်ဘက်တွေမှာ ရွာတွေ မီးရှို့ဖျက်ဆီးခံရတာ ” လို့ မုံရွာမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ အခုလ ၂ ရက်ကြားမှာ ရေဦးမြို့နယ် ၊ တင်းတိန်ရံရွာ မီးရှို့ဖျက်ဆီးခံရတာကြောင့် စျေးဆိုင်ခန်း ၂ ရာကျော်နဲ့ လူနေအိမ် အဆောက်အဦ ၅၀ နဲ့ ဆန်စက် ၃ လုံး မီးလောင်ဆုံးရှုံးရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် တင်းတိန်ရံရွာမှာ မီးဘေးဒုက္ခသည် အိမ်ထောင်စု ၂၁၂ စု ၊ လူဦးရေ ၁ ထောင်နီးပါး ဒုက္ခရောက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၆ ရက်ကလည်း ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကိုင်းကံကျေးရွာမှာ လူနေအိမ် အဆောက်အဦ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီး အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ မီးဘေးဒုက္ခသည် ၇ ရာဝန်းကျင် နဲ့ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းနယ်ခံတွေဆီက သိရပါတယ်။

ယင်းမာပင်မြို့နယ် နဲ့ ကနီမြို့နယ်အကြား အလောင်းတော်ကဿပဘုရားတောင်ခြေမှာရှိတဲ့ ကပိုင် ၊ ဝင်းကုန်း ၊ သလောက် ၊ ကြပ် စတဲ့ ရွာ ၄ ရွာ ဟာ ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၇ ရက်စလို့ မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပွားကာ လူနေအိမ် အဆောက်အဦ ၃ ရာဝန်းကျင် မီးလောင်ပျက်စီးပြီး မီးဘေးဒုက္ခသည် ၁ ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ မီးဘေးသင့်သူတွေမှာ လူသေဆုံးတာတွေနဲ့ ပျောက်ဆုံးတာတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ ဆားတောင်ကြီး၊ ခွေးတက်ကြီး၊ စခန်းသာ၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ဂွေးပင်ကုန်း၊ ထနောင်းကိုင်း၊ မခေါက်၊ ရှားကွဲ၊ ထုံးဘိုကုန်း၊ သစ်ဆိမ့်၊ မြင်းကုန်း၊ ငါးကြင်းအိုင်၊ ဟံလင်း၊ ငါးပိအိုး၊ ကံကြီးတော့၊ တကန်သာ၊ ကြိုးကြာ၊ ဇောက်ညမ်းကုန်း၊ ဟင်္သာကြီး၊ ရွှေကျင်၊ မောင်းတပ်၊ ဆည်ကြီး၊ သရက်ပင်ဆိပ်၊ ငါးပတ်ချောင်း၊ မှော်ဦး၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ရွာတွေဘက်မှာလည်း မီးဘေးဒုက္ခသည်တွေ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ တာဝန်ရှိသူတဦးက” စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပဋိပက္ခဖြစ်စဥ်ကြောင့် ရွာတွေ မီးလောင်ရတဲ့ အကြိမ်အရေအတွက် ၅၁ ကြိမ်ရှိတယ် ၊ မီးဘေးသင့်ဒုက္ခသည် အိမ်ထောင်စု ၇၅၅ စု နဲ့ မီးဘေးသင့် အိုးအိမ်မဲ့ပြည်သူ ၄၆၁၇ ဦးရှိတယ်၊
အဲ့ဒီ မီးဘေးကိစ္စကို ကူညီပေးဖို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၃၄၈ ၉၄၈ သန်း ဆောင်ရွက်ပြီးဖြစ်တယ် “လို့ ပြောပါတယ်။

ISP Myanmar သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ နိုင်ငံတဝှမ်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်ဦးပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီလို ပျက်စီးဆုံးရှုံးမှု အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ပါဝင်ပြီး ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်တွေကဖြစ်တယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW