အာဠဝီ စီလမ်းပေါ်က ဘတ်ဖဲလိုးပွိုင့်

ဆူးငှက်

မန္တလေးက ၂၂စီလမ်းသည် ပဒေသရာဇ်ရှင်ဘုရင်လက်ထက်က ‘အမင်္ဂလာလမ်း’ ဖြစ်ခဲ့၏။ အာဠဝီ
လမ်းဟုလည်း ခေါ်ကြ၏။ အာဠဝီတံခါး ခေါ် ကြေးမုံတံခါးသည်ပင် ‘ဂဗ္ဗေ’ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် အဆိုပါ တံခါးမှ ဝင်ထွက်သွားလာ မကြာမကြာကြုံတွေ့ရသော သူများသည် မရဏဿတိကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြ ကြည့်ရှုကြကုန်လောဟု သတိပေးသော အထိမ်းအမှတ်ဖြင့် ‘ကြေးမုံ’ တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။

နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၊ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီးများရှိသည်။ ထို့ပြင်မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်နန်းမတော် မိဖုရားခေါင်ကြီး သင်္ချိုင်းတော်ရှိသလို၊ သစ်တပ် အနောက်မြောက်ထောင့်တွင်လည်း မြောက်နန်းမတော် မိဖုရားသင်္ချိုင်းတော်တစ်ခု ရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊ မှူးကြီးမတ်ရာသေနာပတိများ၏ သင်္ချိုင်းတော်သည် အာဠဝီ စီလမ်းအတိုင်း အနောက်ဆင်းသောအခါ ရွှေတချောင်းမြောင်းအလွန်၊ မြစ်ဆိပ်အကြားတွင်အသီးသီးရှိခဲ့ကြ၏။

သင်္ချိုင်းတော်တံတားသည် ရွှေတချောင်းကိုဖြတ်ပြီးနောက် သံတဲကျောင်းကြီးမြောက်ဘက်တွင် အုတ်တံတားမြင့်ကြီးဖြစ်၏။ အုတ်တံတားကြီးမြောက်ဘက်တွင် သစ်သားဇရပ်ကြီးများလည်း ရှိသည်။၎င်းတံတားများနှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန်မင်းက ဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ် အာဠဝီ စီလမ်းပေါ်တွင် ကျောက်စာ တစ်မျက်နှာတစ်တိုင် စိုက်ထူးထားခဲ့လေသည်။

ကျောက်စာတွင်
ရွှေတချောင်းကူး တံတားဦးဇရပ်နှင့် တကွ အနောက်ကို သွပ်မိုးပျဉ်ခင်း၊ ဝဲယာတံတားခန်းရေ၁၆၄။ မြောင်းအကူးမှ အနောက်မြေမြို့ရိုးအရောက်၊ ထိုမှတစ်ဖန် တောင်ချိုးကာ ပိုက်ကျုံးအရောက် ၆၇၇တာ။ ကျောက်လမ်းတံတားကြီးမှစ၍ ပုဏ္ဏားကုန်းသုသာန်တွင် အတွင်းဝန်မင်းအဘ အလောင်း သင်္ဂြိုဟ်ရာပျဉ်ဇရပ်၁ဆောင်၊ အတွင်းဝန်ကတော်အမိ ရှေ့ဝန်မှူးကတော် သင်္ဂြိုဟ်ရာ အုတ်ဇရပ်၁ဆောင်နှင့် သုဿာန်မြေ အကာအရံတံတိုင်း မီးတားများကို ၁၂၄၄-ခုမှ၁၂၄၇-ခုအထိဆာက်လုပ်တဲ့ ကုန်ကျစရိတ်ငွေ(၃၄၈၄၄၅)လုပ်ဆောင် ကုန်ဝင်ကြောင်း ကမ္ပည်းထိုးမှတ် ရေးသားခဲ့လေသည်။

ယခုအခါ ထိုဇရပ်ကြီးများလည်း မရှိတော့ပြီ။ သင်္ချိုင်းတော်လည်း မရှိတော့ပြီ။ အတွင်းဝန်မင်းအမိ၊ အဘဟူသည် မင်းကြီးမင်းလှမဟာဇေယျ မြို့သစ်အတွင်းဝန်မင်း ဦးဘီ၏ အမိအဘဖြစ်၏။ လွန်ခဲ့သော နှစ်၃၀လောက်ကအထိ ၎င်းဇရပ်ကြီးများ၊ ဂူမိမာန်ကြီးများ ရှိသေးသည်။ ဇရပ်မျက်နှာကြက်များတွင် ပန်းပု၊ပန်းခက်များကို ရွှေရောင် တစ်စွန်းတစ်စနှင့် တွေ့ရသေး၏။ ဇရပ်၏တိုင်လုံးများက တုတ်ခိုင်ခံ့ညားသည့် ကျွန်းတိုင်လုံးကြီးများဖြစ်သည်။ ဟင်္သပြဒါးရောင်က အိုစာနေ၏။ မြို့သစ်အတွင်းဝန်မင်း ဂူဗိမာန်၏ အနောက်ဘက်ကပ်လျက်တွင်မူ ရွှေပြည်ဝန်ကြီးယောမင်းကြီး ဦးဖိုးလှိုင်၏ဂူမိမာန်ရှိသည်။ယောမင်းကြီးဂူက ချုံနွယ်ပိတ်ပေါင်းနှင့် အုတ်ဇရပ်အပြိုအပျက်ကြားတွင် ကွယ်ပျောက်နေ၏။ခြေရင်းတွင် ဝန်ကတော်ခင်ဖြူ၊ ထို့နောက် သားသမီးအုတ်ဂူများ။ ယောမင်းကြီးဂူဗိမာန်ကိုတော့ အသစ်ပြုပြင် တည်ဆောက်ထားပြီး ပုံတူရုပ်တုပင် စိုက်ထူထားသည်။ အရှေ့ဘက်က မြို့သစ်အတွင်းဝန်မင်း၏ လက်ရာမြောက် ကျွန်းဇရပ်ကြီးများကတော့မရှိတော့။

ယောမင်းကြီးဂူဗိမာန်၏ အရှေ့ဆီ မလှမ်းမကမ်းတွင် အုတ်ခြင်္သေ့နှစ်စီးရှိသည်။ ယင်းခြင်္သေ့နှစ်စီးက သင်္ချိုင်းတော်အုတ်တံတားကြီး အနောက်ထိပ်ဖြစ်သည်။ အုတ်ခြင်္သေ့နှစ်စီးနားက ဓမ္မာရုံထဲတွင် ဗုဒ္ဓခြေတော်ရာ တစ်ဆူရှိသည်။ စကျင်ကျောက်တွင် ခတော်ရာကို လက်ရာမြောက်စွာ ထုလုပ်ထား၏။
ခြင်္သေ့ဦး၏မြောက်ဘက်တွင် မြင်ကွင်းအကြိမ်ကြိမ်ပြောင်းလဲသော နဘဲကြူးအင်းဘဲရပ်ကွက်ရှိသည်။ ဟိုစဉ်က ကျပ်ညပ်နေသော တဲအိမ်များက ဖြစ်သလိုဆောက်ထား၏။ခြေတံရှည် တဲအိမ်လေးများအောက်တွင် အမြဲဝပ်ကာ ပုပ်သိုးနံစော်နေသည့် ရေဗွက်အိုင်ကြီးရှိသည်။ တစ်အိမ်နှင့်တစ်အိမ် ခနော်ခနဲ့ သစ်သားတန်းများ ခင်းထားသည်။

ထို့နောက် ထိုရပ်ကွက်တွင် မီးလောင်သည်။မြင်ကွင်းပြောင်းသွားပြန်၏။ အကွက်အကွင်းလေးတွေပေါ်လာကာ မြေလမ်းကလေးတွေပေါက်လာပြန်၏။ ထို့နောက် မီးလောင်ပြန်သည်။ ရှုခင်းတစ်ကွက်ပြောင်းသွားပြန်၏။ ထို့နောက် အခုတော့ ထိုနေရာသည် တိုက်ခန်းမြင့်ကြီးများ ဖြစ်ကုန်တော့သည်။ တိုက်ခန်းမြင့်၊ ကွန်ကရစ်လမ်းမ၊ မာကျူရီမီးတိုင်၊ အဆင့်မြင့်ဈေး၊ အဝေးပြေးကားဂိတ်၊ အားကစားကွင်း။

မြင်ကွင်းသည် ဆယ်စုနှစ်အတွင်း၊ ပဉ္စလက်သေတ္တာအား ချောင်းကြည့်ရသလို ပြောင်းလဲသွားတော့၏။ ထို့အတူ လူအများလည်း ပြောင်းလဲသွားကြသည်။ ထိုကွန်ကရစ် ရပ်ကွက်သစ်ကြီး၏ အနောက်နားမှာ သင်္ဂဇာချောင်းအစ ရှိ၏။ ပြီးတော့ မီးခြစ်စက်ရှိ၏။ သည်မီးခြစ်စက်ရုံသက်တမ်းကလည်း ရာ ဂဏန်းရှိပြီ။ အာဠဝီ စီလမ်းသည် မီးခြစ်စက်ရုံဟောင်းကြီးဘေးက သစ်လုံးပုံကြီးများ ကြားမှသည် မေမြို့ရိုးကြီးဆီအရောက် သူ့ခရီးစဉ် ပြီးဆုံးချေပြီ။ သို့သော် အာဠဝီ စီလမ်းအဆုံးသည် မထင်မရှား ပြီးဆုံးခြင်းလည်း မဟုတ်။ မန္တလေးသို့ရောက်လာသည့် ကမ္ဘာလှည့်ခရီးသည်သည် ရောက်ရောက်ချင်း မန္တလေးမြေပုံကို ဖြန့်ကာ ““စီ””လမ်းအဆုံး လက်ညှိုးထောက်သည်။
“ဘတ်ဖဲလိုး ပွိုင့်”” ““ဘတ်ဖဲလိုး ပွိုင့်”” ဟူ၍ အငမ်းမရ မေးမြန်းကာ ဖုန်တလုံးလုံး ကြားမှပင် ထိုနေရာသို့ အရောက်လာကြတော့သည်။မြန်မာပြည်၏ နာမည်ကျော် ကျွန်းသစ်လုံးကြီးများအနက်ဧရာဝတီမြစ် ညာရှိ သစ်တောကြိုးဝိုင်းကြီးများမှ တစ်ဆင့် ““မန္တလေး ကျွဲစွန်းသစ်ဆိပ်”” သို့ဆိုက်ရောက်လာတော့၏။ ကျွဲစွန်းသစ်ဆိပ်တွင် လူ တစ်ဖက်မက သစ်လုံးကြီးများကို ကျွဲနှစ်ကောင်က ရေထဲမှနေ မေမြို့ရိုးကြီးပေါ်ထိ ကုန်းရုန်း ဆွဲတင်သည်။ ““ဟေး ….ဟေး”” ညာသံပေးကာ ပေးကာဖြင့် ကျွဲနှစ်ကောင် အမြီးထောင်ထောင် ဆွဲတင်လာသော သစ်လုံးကြီးများမြင်ကွင်းကား ကမ္ဘာတွင် ဘယ်နေရာမှာမှမရှိ။ ထိုမြင်ကွင်းကို တကူးတကလာကြည့်ကြသည်။ မမောမပန်း ဓာတ်ပုံရိုက်ကြ သည်။ အံ့အားတသင့် ငေးမောကြသည်။ ထူးထူးဆန်းဆန်း အံ့သြကြသည်။ သည်မြင်ကွင်းဖြင့်ပင် မန္တလေးခရီးစဉ်တန်ပြီ။

ဤသို့ဖြင့် ““ကျွဲစွန်းသစ် ဆိပ်”” ကို ကမ္ဘာက သိခဲ့သည်။ ထိုနေရာသည် အာဠဝတီစီလမ်း အနောက်ထိပ်တွင် ရှိ၏။ အခုတော့ ကျွဲစွန်းရပ်ကွက်ဟူသော အမည်သညာသာ ကျန်ကောင်းကျန်ရာ ကျန်ခဲ့သည်။ သစ်ဆိပ်မရှိတော့၊ သစ်လုံးမရှိတော့၊ သစ်ဆွဲ ကျွဲလှည်း မရှိတော့၊ ထို့ကြောင့် ဘတ်ဖဲလိုးပွိုင့်လည်း မရှိတော့။
ကမ္ဘာကလည်း မသိတော့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW