ရေစကြို ဘောလုံးကွင်းစျေးမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ့စစ် ၃ ဦးနဲ့ စစ်သား ၂ ဦး သေဆုံး

သြဂုတ် ၊ ၂၉ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့ ၊ အမှတ် ၈ ရပ်ကွက် မှာရှိတဲ့ ဘောလုံးကွင်း ယာယီပျံကျစျေးမှာ ဒီကနေ့ မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် ၃ဦးနဲ့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

” ဖြစ်တာက မနက်အစောပိုင်း ၆ ခွဲ ၇ လောက်မှာဖြစ်တာပါ ၊ ဘောလုံးကွင်းစျေးနားကိုရောက်နေတဲ့ လုံခြုံရေးအဖွဲ့ အပစ်ခံရတာဖြစ်တယ် ၊ ရေစကြိုမြို့နယ် ၊ ပေါက်တောရွာသား ထွန်းအောင်ကျော် အပါအဝင် ပြည်သူ့စစ် ၃ ဦးနဲ့ စစ်သား ၂ ဦး သေဆုံးတယ် ၊ ၆ ယောက်သေတယ် ပြောနေကြပေမယ့် အခုချိန်ထိ သိရတာ ၅ ယောက်ဖြစ်တယ် “လို့ ရေစကြိုဒေသခံတယောက်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘောလုံးကွင်း ယာယီစျေးသည်တွေနဲ့ စျေးဝယ်တာတွေဟာ စျေးထဲကနေ အမြန်ဆုံး ထွက်သွားကြတာကြောင့် ဒီမနက် ၈ နာရီမထိုးခင် စျေးကွဲသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ ဘောလုံးကွင်း ယာယီစျေးနားဝန်းကျင်ကို ဒီမနက် ၉ နာရီကစလို့ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပြီး ၊ လူတချို့ ဖမ်းဆီးစစ်ဆေးခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မနက် ၁၀ နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘောလုံးကွင်း ယာယီစျေးထဲက စျေးခန်းတွေဟာ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပြီး ယာယီစျေးခန်းပေါင်း ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ ရေစကြိုမြို့နယ် လုံခြုံရေးအဖွဲ့ဆီ VOM က ဖုန်းဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့မရသေးပါဘူး။

#voiceofmyanmar #VOM #ရေစကြို #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW