စစ်ကိုင်းတိုင်းမှာ နယ်စပ်ကုန်သွယ်ရေးကားတွေ လုယက်ခံရတာ သြဂုတ်လအတွင်း ၇ ကြိမ်အထိရှိခဲ့

သြဂုတ် ၊ ၃၁ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ ၊ တင်နိုဗယ်လ် ခရိုင် ၊ မိုးရေးမြို့ကို ကုန်သွယ်နေတဲ့ ၊ နယ်စပ်ကုန်သွယ်ရေး ကားတွေ လုယက်ခံရတာ အခု သြဂုတ်လအတွင်း ၇ စီးထက်မနည်း ရှိခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“မနေ့ သြဂုတ်၃၀ ညနေ ၄ နာရီဝန်းကျင်မှာ မိုးရေးကို ကုန်ပို့ပြီး ညစျေးဝယ်ပြန်လာတဲ့ မန်ထော်ကျေးရွာက ကိုဆန်းလင်းအောင် မောင်းလာတဲ့ကားဟာ ကွန်းတောင်ရွာနားအရောက်မှာ လုခံရတယ် ၊ ကားရော ကားပေါ်က ပစ္စည်းတွေပါ လုယူခံရတာဖြစ်တယ် ၊ နောက်ပြီး ကားသမား ကိုဆန်းလင်းအောင်လည်း ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံရတယ် ၊ ဒီမနက်အထိ အဆက်အသွယ်မရသေးဘူး “လို့ တမူးမြို့ခံ ကုန်သည်တယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက် ပြောတာက” ဒီလ ၆ ရက်နေ့က ကလေး ကလေးဝ တမူး ကားလမ်းပေါ်က တမူးမြို့နယ် ၊ နန့်မွန်းတာကျေးရွာနားမှာ ရွှေတံခွန် ကုန်စည်ပို့ဆောင်ရေးအသင်းက ၁၂ ဘီးကား ၁ စီးပေါ်က ကုန်စည်တွေ လုယက် ဓားပြတိုက်ခံရတယ် ၊ အခုလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်က တမူးခရိုင် ၊ မြို့သစ်မြို့နယ်ခွဲ ၊ တမူးမြို့သစ်ကားလမ်း ၊ ဆရာစံကျေးရွာနားမှာ ဦးဖိုးပြား ဆိုသူ မောင်းနှင်လာတဲ့ ကား ၁ စီးကို ကုန်ပစ္စည်းတွေရော ကားပါ လုယက်ဓားပြတိုက်ခံရတာ ဖြစ်တယ် ၊ အခုလထဲမှာ နယ်စပ်ကုန်သွယ်ရေး ကား ၇ စီးထက်မနည်း လုယက်ခံရတယ် “လို့ ပြောပါတယ်။

သြဂုတ်လ ၅ ရက် ညနေပိုင်းကလည်း ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မြစ်တော်ကျေးရွာနားမှာ ဦးဖိုဇော်နဲ့ ဦးမိုးမြင့် မောင်းနှင်လာတဲ့ ယာဥ် ၂ စီး လုယက်ခံရပြီး ယာဥ်ပေါ်ပါ ပစ္စည်းတွေနဲ့အတူ ယာဥ်ပါ လုယူခံရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီး ကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ ဘိလပ်မြေအိတ် ၇ ရာ တင်ဆောင်လာတဲ့ နောက်တွဲယာဥ် တွဲကား ၁ စီး ကားရောပစ္စည်းပါ ပျောက်ဆုံးတာလည်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ ဖြစ်စဥ် မဖြစ်ခင် ရက်ပိုင်းအလိုကလည်း အဲ့ဒီနေရာမှာ စက်သုံးဆီတွေ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လုယူခံရတာကြောင့် ကားသမား သေဆုံးကာ ၊စပယ်ယာ ဖြစ်သူ ပျောက်ဆုံးနေတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာ ကုန်စည်ပို့ဆောင်ရေးကားတွေ လုယက်ခံရတာဟာ အခု သြဂုတ်လအတွင်း ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW