မအူပင်မှာ မီးလောင်မှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စက်တင်ဘာ-၈-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ မအူပင်မြို့ အမှတ် ၁၀ ရပ်ကွက် ၊ ၁၀ လမ်း ရေခဲစက်အနီးမှာ မနေ့ စက်တင်ဘာ ၇ ရက် ည ၉ နာရီကျော်က နေအိမ် ၁ လုံးကနေ လျှပ်စစ်ဝါယာရှောခ့်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားလို့ လေဖြတ်ဝေဒနာသည် အမျိုးသား ၁ ယောက် မီးလောင်သေဆုံးကာ ၃ ယောက်ကလည်း မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မအူပင်မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ဆီကနေသိရပါတယ်။

” ၁၁ရပ်ကွက် ၁၀လမ်းမှာ ည ၉ နာရီ ၃၀ လောက်က ဝါယာရှောခ့်ကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာ ၊ လေဖြတ်နေတဲ့ အမျိုးသားတဦး မီးလောင်ပြင်မှာပဲ သေဆုံးခဲ့တယ် ၊ နောက်ထပ် အမျိုးသမီးကြီးတဦး နဲ့ အမျိုးသား ၂ဦးလည်း မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ထားရတယ် ၊ အိမ်ထဲကလူတွေက အိပ်ပျှော်နေချိန် အိမ်ဘေးကလူတွေမြင်မှသိကြတာ ၊ လူငယ်နှစ်ယောက်က ထွက်လာနိုင်တယ် ၊အချိန်မီ မီးထိန်းနိုင်ခဲ့လို့ တော်သေးတယ် ၊ အိမ်တွေက စိပ်တယ် မဟုတ်ရင် တရပ်ကွက်လုံးကုန်မှာ။”လို့ မီးလောင်တဲ့ရပ်ကွက်မှ ဒေသခံတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်မှာရှိနေတဲ့ လေဖြတ်ဝေဒနာသည် ဦးကျော်မိုးဆိုသူ သေဆုံးခဲ့ရပြီး မီးလောင်မှုဖြစ်ပွားတဲ့အိမ်မှာ အတူနေတဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၁ ယောက်နဲ့ မီးလောင်မှုကိုလာပြီး ဝိုင်းဝန်းကူညီပေးတဲ့ ရပ်ကွက်ထဲက အမျိုးသား ၁ ယောက်လည်း မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

”မီးလောင်ကြောင့် ၂ ယောက်ဒဏ်ရာရရှိတာ ၊ ၁ ယောက် သေဆုံးသွားတယ်၊ သေဆုံးသူက လေဖြတ်ဝေဒနာသည် ပါ၊ မီနစ် ၃၀ လောက် မီးငြှိမ်းသတ်ခဲ့ရတာ ၊ အချိန်မီ မီးမထိန်းနိုင်ခဲ့ရင် အခုထက် ဆုံးရှုံးပျက်စီး သေဆုံး ဒဏ်ရာရရှိတာတွေများနိုင်တယ် ၊ သက်ဆိုင်ရာက မီးစတင်လောင်တဲ့ နေအိမ်ပိုင်ရှင်တွေကို စစ်ဆေးနေတယ် ၊ဆုံးရှုံးမှုကတော့ နေအိမ် ၁ လုံး အားလုံး ပြာကျသွားတော့ ကာလ ခန့်မှန်း သိန်း ၅၀၀ ကျော်လောက်ရှိမယ်ထင်တယ် ”လို့ မအူပင်မြို့ လူမှုကူညီရေးအသင်းတခုမှ ပရဟိတသမားတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ဒဏ်ရာရှိသွားတဲ့ အမျိုးသမီး ၁ ယောက် ၊ အမျိုးသား ၂ ယောက်ဟာ မအူပင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး အမျိုးသမီး ၁ ယောက်ကတော့ မီးလောင်တဲ့ဒဏ်ရာတွေများလွန်းတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုကို မအူပင်မြို့နယ် မီးသတ်စခန်းက မီးသတ်ကား ၆ စီး ၊ရပ်ကွက်ထဲက မီးသတ်စက်တွေ ၊ မီးသတ်ဆေးဘူးတွေကို အသုံးပြုပြီး ပရဟိတအဖွဲ့တွေ ၊ ဒေသခံတွေ ၊ မီးသတ်တပ်ဖွဲ့တွေကဝိုင်းဝန်းပူးပေါင်းငြိမ်းသတ်ခဲ့တယ်လို့သိရပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW