မော်ကယ် ရေနံမှော်မှာ လူနေအိမ် ၁၃၀နီးပါး မီးရှို့ခံရပြီး လူ ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၂၃-၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် နဲ့ မဟာမြိုင်တောစပ်နေရာက မော်ကယ်ရေနံမှော်ဟာ မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၁၃၀ နီးပါး မီးလောင်ပျက်စီးကာ အဲ့ဒီ မီးလောင်ပြင်ထဲမှာ လူ ၂ ဦးသေဆုံးနေတဲ့ ရုပ်အလောင်းတွေကို မနေ့ စက်တင်ဘာ ၂၂ ရက်က တွေ့ခဲ့ရတယ်လို့ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ၁၀ ရက်လောက်ရှိပြီ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနေ့က မှော်ထဲကို အခြေအနေသွားကြည့်တော့ ရေနံခပ်စင်တွေ ၊ ရေနံတွင်းတွေ ၊ စက်ပစ္စည်းတွေ အကုန်လုံး မီးရှို့ခံထားရတယ် ၊ လူနေတဲအိမ် ၁၃၀နီးပါး မီးလောင်ပျက်စီးပြီး အဲ့ဒီ မီးလောင်ပြင်ထဲမှာ လူ ၂ ယောက် မီးလောင်သေဆုံးနေတာ တွေ့ရတယ် ၊ အဲ့ဒီ သေဆုံးသူ ၂ ယောက်ဟာ ဒီမနက် သိရတာက ဦးလှဟန် နဲ့ ဦးအောင်သင်းတို့ ၂ ယောက်ဖြစ်တယ် ၊ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်တယ် ” လို့ မော်ကယ်ရေနံမှော်မှာနေတဲ့ ဒေသခံ ရေနံလုပ်သားတယောက်က ပြောပါတယ်။

အဲ့ဒီ ရေနံမှော်မှာလုပ်ကိုင်နေတဲ့ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တယောက်က ” အခုလဆန်းပိုင်းကစလို့ နယ်မြေ မတည်ငြိမ်တာတွေကြောင့် ထုတ်လုပ်မှုနားထားရတယ် ၊ မီးလောင်ပျက်စီးသွားတဲ့ ရေနံတွင်းပေါင်း ၂ ရာကျော်မယ် ၊ရေနံတွင်း ၁ တွင်းရဲ့ ကုန်ကျစရိတ်ဟာ အောက်ခံ သိန်း ၁ ရာအထက်မှာရှိတယ် ၊ မှော်မှာရှိတဲ့ လူနေတဲ ၊ စျေးဆိုင်တဲ ဘာတခုမှ မကျန်ဘူး ၊ မှော်တခုလုံး မီးလောင်ပျက်စီးသွားတယ် ၊ ဘယ်နေ့က မီးရှို့ဖျက်ဆီးတယ်ဆိုတာ ရက်အတိအကျ မသိရဘူး ၊ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ ထွက်ပြေးတိမ်းရှောင်နေရလို့ဖြစ်တယ် ၊ မနေ့ကမှ မှော်အခြေအနေကို သိရဖို့ စုံးစမ်းသွားမှ မှော်မီးလောင်ပျက်စီးသွားပြီဆိုတာ သိရတာ ” လို့ ပြောပါတယ်။

ဖြစ်စဥ်နေရာကို ဘယ်အဖွဲ့အစည်းက မီးရှို့သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မှော်ကယ်ရေနံမှော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က စတင်ပြီး ဒေသခံတွေ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ရေနံမှော်က ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို အရင်က မုံရွာ ကျောက္ကာရေနံချက်ဇုန်ကိုတင်ပို့ပြီး ကုန်ချောအဖြစ် ထုတ်လုပ်ကာ ဒေသသုံး စက်သုံးအဖြစ် ပြန်လည်ရောင်းချတာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လတွေတုန်းကလည်း ရေနံစိမ်း တွင်တွင်ကျယ်ကျယ်ထွက်ရှိရာ မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ထဲက ရေနံလက်ယက်တွင်းတွေ အလားတူ မီးရှို့ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

Photo- မော်ကယ်ရေနံမှော် မီးလောင်ပျက်စီးနေပုံ
#voiceofmyanmar #VOM #မော်ကယ်ရေနံမှော် #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW