လွိုင်ကော်လေဆိပ်ကို ဆင်းသက်လာတဲ့ လေယာဥ် ပစ်ခတ်ခံရပြီး ခရီးသည် ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP( VOM)

ကယားပြည်နယ် ၊ လွိုင်ကော်လေဆိပ်ကို ဒီကနေ့မနက် ၈ နာရီ ၅၀ ဝန်းကျင်က ဆင်းသက်လာတဲ့ လေယာဥ်ဟာ မြေပြင်ကနေ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တဦး ဒဏ်ရာရခဲ့တယ်လို့ လေဆိပ်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” XY-AMI လေယာဥ်အမျိုးအစား ကွင်းဆင်းချိန် လက်နက်ငယ်နဲ့ အပစ်ခံရတာပါ ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လေယာဥ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် တယောက် ညာဘက်ပါး ၊ မေးရိုးအထက်မှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာရတယ် ၊ သူက လွိုင်ကော်မြို့ ၊ ဧက ၅ ရာရပ်ကွက်နေသူတယောက်ဖြစ်တယ် ၊ လတ်တလော ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသထားတယ် ” လို့ လွိုင်ကော်ခရိုင် လုံခြုံရေးအဖွဲ့နဲ နီးစပ်သူတယောက်က ပြောပါတယ်။

လေယာဥ်ပေါ်ပါလာတဲ့ ခရီးသည်တဦးကလည်း “ပစ်တာက လေယာဥ် ဆင်းခါနီး ဘီးချနေပြီ ပစ်ခံရတာ၊ ဖောင်းဆိုပြီးအထဲကကြားလိုက်တယ်။ကျနော့်ရှေ့တည့်တည့်ကခုံကိုဖောက်ဝင်သွားတယ်။ရှေ့တည့်တည့်ကပေါ့။ကျနော့နောက်က၂ခုံကျော်လောက်ကလည်းဖြစ်တယ် သူကတော့ပါးကိုမှန်သွားတယ်။ ဆင်းခါနီးဘီးချပြီး မကြာခင်ပစ်ခံလိုက်ရတာ။ လေယာဥ်ပေါ် နည်းနည်းတော့ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ဝိုင်းထိန်းတော့ အဆင်ပြေသွားပါတယ်။”လို့ ပြောပါတယ်။

အဲ့ဒီ လေယာဥ်ကို ဘယ်အဖွဲ့အစည်းက အခုလို ပစ်ခတ်သွားတယ်ဆိုတာ အမြန်ဆုံး သိရှိနိုင်ဖို့အတွက် လွိုင်ကော်မြို့ရဲ့ နေရာအနှံ့မှာ လုံခြုံရေးတွေချထားပြီး ဒီမနက် ၉ နာရီနောက်ပိုင်းကစလို့ စစ်ဆေးတာတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီကာလကလည်း အဲ့ဒီ လေယာဥ်ကွင်းနားမှာ ပစ်ခတ်တာတွေဖြစ်ပြီး ရှော့ခ်တိုက်ဒုံးတချို့ ပစ်ခတ်ဖို့ အသင့်ပြင်ဆင်ထားတာကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ရတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ လေဆိပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဓာတ်ပုံ – ဒဏ်ရာရ ခရီးသည် ဆေးကုသမှုခံယူနေပုံ
#voiceofmyanmarv#VOM #လွိုင်ကော် #လေယာဥ်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW