မိုး အဆက်မ​​ပြတ်ရွာပြီး လမ်းပျက်စီးတာတွေကြောင့် မဟာမြိုင်ကားလမ်း သွားမရဖြစ်နေ

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းကျေးရွာနားက မုံရွာ-ကလေးဝ-တမူး ကားလမ်းဟာ ရေတိုက်စားပြီး လမ်းတွေပျက်စီးနေတဲ့အတွက် သွားလာလို့မရတာကြောင့် ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” အခုလ ၁ ရက် ညက ရွာတဲ့မိုးဟာ သဲချောင်းတွေအကုန်ရေကျပြီး ကွန်ကရစ်လမ်းသား တိုက်စားသွားတယ် ၊ ကားတချို့လည်း အဲ့ဒီ သဲချောင်းတွေမှာ ပိတ်မိထားနေတယ် ၊ တောကျင်နဲ့ ပျဥ်းကိုင်းကြားမှာလည်း ဗွက်တန်းရှည်တွေဖြစ်နေတယ် ၊ ပျဥ်းကိုင်းနဲ့ အောင်ချမ်းသာကြားက သဲချောင်တွေလည်း ရေလာနေတယ် ၊ မဟာမြိုင်ထဲက နေရာအတော်များများမှာ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေ ရာနဲချီပြီး ပိတ်မိနေတာ ၂ ရက်ရှိပြီ ၊ မိုးရွာတာက အခုထိ မပြတ်သေးဘူး ” လို့ မုံရွာ-ကလေးဝ-တမူး ကုန်တင်ကားသမား တယောက်က ပြောပါတယ်။

အဲ့ဒီ မဟာမြိုင်ကားလမ်း ပိတ်ထားတာနဲ့ပတ်သက်ပြီး မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တယောက်က ” အခါတိုင်းက အခုလို မိုးတွင်းမှာ မဟာမြိုင်ကားလမ်းပျက်တာကြောင့် မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းကို အဓိကထားပြီး ပြေးဆွဲတယ် ၊ ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းက ဒီနှစ်မှာ ကားကြီးတွေသွားလို့မရဘူး ၊ လမ်းလယ်ခေါင်မှာ မိုင်းတွေကွဲထားပြီး ကျင်းကြီးတွေ ချိုင့်တွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် ဘယ်ကားမှ မသွားကြဘူး ၊ ဒီနှစ်အတွက် မဟာမြိုင်လမ်းကို အားပြုနေရတယ် ၊ အခု မဟာမြိုင်လမ်းက လမ်းတွေပျက်နေတော့ ယာဥ်လိုင်းတွေ ယာယီရပ်နားထားရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ မဟာမြိုင်ကားလမ်းပိုင်းဟာ မုံရွာ-တန့်ဆည် -ကလေးဝ-တမူး နဲ့ မုံရွာ မော်လိုက် ၊ ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပိုင်းဖြစ်ပြီး နေ့စဥ် စားသောက်ကုန်စည်နဲ့ ကုန်စိမ်းတွေသယ်ဆောင်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၁၉ ရက် ကလည်း အဲ့ဒီ မဟာမြိုင်လမ်းပိုင်မှာ ကွန်ကရစ်လမ်းတွေ ရေတိုက်စား ပျက်စီးပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီအပြင် နယ်မြေရှင်းလင်းရေးအဖွဲ့တွေ ဝင်ရောက်နေတယ်ဆိုပြီး ၄ ရက်ကြာ လမ်းပိတ်ထားတာလည်း ဖြစ်ခဲ့သေးတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အဲ့ဒီ မဟာမြိုင်ကားလမ်းပိုင်း ပိတ်လိုက်တယ်ဆိုရင် မုံရွာ-မန္တလေးမှာရှိတဲ့ မိုးရေးကုန်တွေ စျေးနူန်းမြင့်တက်လေ့ရှိပြီး ကလေးဝ ၊ ကလေး ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့ မြို့တွေဘက်မှာလည်း မီးဖိုချောင်သုံး စားသောက်ကုန်စျေးနူန်းတွေ မြင့်တက်လာတာကြောင့် အဲ့ဒီ မဟာမြိုင်လမ်းပိုင်းကို အမြန်ဆုံးပြုပြင်ပေးစေလိုတယ်လို့လည်း ဒေသခံ ကုန်သည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmarv#VOM #မင်းကင်းမြို့

Related posts

Leave a Comment

VOM News

FREE
VIEW