စက်သုံးဆီဈေး ကျပ် နှစ်ထောင်အောက် ရောက်နေပေမယ့် သိသာတဲ့ကျဆင်းမှု မဟုတ်သေး

အောက်တိုဘာ ၄-၂၀၂၂
SN (VOM)

ဈေးကွက်အတွင်း ပြည်တွင်းစက်သုံးဆီဈေးဟာ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်လည်ကျဆင်းလာခဲ့ပေမယ့်လည်း သိသာတဲ့ကျဆင်းမှု မဟုတ်သေးဘူးလို့ စက်သုံးဆီဝယ်ယူသူအချို့က ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးမှာ အောက်တိုဘာလဆန်းပိုင်း ဝင်ရောက်ချိန်ကစလို့ သိသိသာသာ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၃ ရက်အရောက်မှာတော့ တစ်လီတာ ကျပ်နှစ်ထောင်အောက်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီဈေးတန်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးထက်တော့ ပိုနေဆဲဖြစ်တယ်လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

“အခု ဆီဈေးကကျပေမယ့် အဲ့လောက်ကတော့ မသိသာသေးပါဘူး။ လီတာ သိသိသာသာအများကြီး ရသွားတာမျိုး မဟုတ်သေးဘူး။ ဥပမာ ၁၅၀၀၊ ၁၆၀၀ ဈေးတန်းဝန်းကျင်လောက်ဆိုရင်တော့ နည်းနည်းလေး သိသာတဲ့သဘောမျိုး ဖြစ်သွားမယ်။ အခုက ဈေးကျတာက ကျတယ်လို့ပဲရှိသေးတာ။ အများကြီးသိသိသာသာ မဟုတ်သေးဘူး”လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ ပေါက်ဈေးအရ ရန်ကုန်မြို့ စက်သုံးဆီ လက်လီတစ်လီတာဈေး အောက်တိန်း 92 Ron တစ်လီတာ ၁၉၃၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၁၉၉၅ ၊ ဒီဇယ်တစ်လီတာ ၂၄၃၀ ၊ ပရီမီယံဒီဇယ် ၂၅၁၅ ဝန်းကျင်မှာ ရှိနေပါတယ်။

ပဲခူးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၁၉၃၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၀၅ ၊ ဒီဇယ်တစ်လီတာ ၂၄၄၅ ၊ ပရီမီယံဒီဇယ် ၂၅၂၀ ဝန်းကျင်မှာ ရှိနေပြီး မန္တလေးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၁၉၇၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၄၅ ၊ ဒီဇယ်တစ်လီတာ ၂၄၈၅ ၊ ပရီမီယံဒီဇယ် ၂၅၆၀ ဝန်းကျင်မှာ ရှိနေပါတယ်။

နေပြည်တော်မှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၁၉၇၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၄၀ ၊ ဒီဇယ်တစ်လီတာ ၂၄၈၀ ၊ ပရီမီယံဒီဇယ် ၂၅၅၅ ဝန်းကျင်မှာ ရှိနေပြီး မကွေးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၁၉၇၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၄၀ ၊ ဒီဇယ်တစ်လီတာ ၂၄၈၅ ၊ ပရီမီယံဒီဇယ် ၂၅၅၅ ဝန်းကျင်မှာ ရှိနေပါတယ်။

အစိုးရရဲ့ နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးက စင်ကာပူအခြေစိုက် MOPS အပေါ် အခြေခံတွက်ချက်တာဖြစ်လို့ စင်ကာပူ MOPS ဈေးကျဆင်းလာမှုကြောင့်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ လိုက်ပါကျဆင်းလာခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကန်ဒေါ်လာငွေလဲနှုန်းက ဗဟိုဘဏ်ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ ပြန်လည်ကျဆင်းလာခဲ့ပြီး MOPS ဈေးကျသလို ဒေါ်လာငွေလဲနှုန်းလည်း ကျဆင်းလာတာကြောင့် ကျပ်၂၀၀၀ အောက်ကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

“ဆီဈေးက ၁၅၀၀ ၊ ၁၆၀၀ ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။ တက္ကစီမောင်းတဲ့သူတွေအတွက် ပိုပြီးတော့ တွက်ခြေကိုက်မှာပေါ့။ ၁၉၃၀ ပေမယ့် နှစ်ထောင်နီးပါးပဲလေ၊ ၇၀ ပဲကွာတာ။ ဒီဈေးကနေ အချိန်မရွေးလည်း ပြန်တက်သွားနိုင်တယ်။ ဈေးကွက်က ငြိမ်သွားတာမရှိသေးဘူးလေ။ အကျဘက်ကိုသွားတယ်ဆိုပေမယ့် တက်မယ်ဆိုရင်လည်း ချက်ချင်း နှစ်ထောင်ကျော်တွေဘာတွေ တက်သွားတာ။ ဒီနေ့ဈေးနဲ့ မနက်ဖြန်ဈေးနဲ့ တူချင်မှလည်းတူမှာ။ ဒီနေ့ ၁၉၃၀ ရပေမယ့် နောက်နေ့ကျရင် ချက်ချင်းအတက်ဘက်ကို ပြန်ရောက်သွားတာလည်း ဖြစ်နိုင်တယ်။ အခုဈေးကွက်အ‌ခြေအနေက ဘာမှပြောလို့မရဘူး”လို့ အဲ့ဒီ့ အငှားယာဉ်မောင်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်အတွင်း သီလဝါမှာ ပြည်ပကတင်သွင်းလာတဲ့ စက်သုံးဆီဂါလန် ၁၅ သန်းခန့် ဆိပ်ကမ်းချခဲ့ပြီး လက်ကျန်အခြေအနေအရလည်း ပြည်တွင်းသုံးစွဲမှုအတွက် ဖူလုံမှုရှိတယ်လို့ ကြီးကြပ်ရေးကော်မတီဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

ကော်မတီရဲ့ပြောဆိုချက်အရ စက်တင်ဘာလအတွင်း ဓာတ်ဆီတန်ချိန် ၈ သောင်းနဲ့ ဒီဇယ်တန်ချိန် ၁ သိန်းခွဲခန့်ကို တင်သွင်းခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စက်သုံးဆီစျေး #သိသာတဲ့ကျဆင်းမှုမဟုတ်သေး

Related posts

Leave a Comment

VOM News

FREE
VIEW