ဆားလင်း​ကြီးမြို့နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး၊ ပစ်သတ်ခံရပြီး သေနတ်တွေပါသွား

အောက်တိုဘာ ၊ ၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ ညောင်ပင်ကြီး ယင်းမာပင် ၊ ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းဆုံနေရာနားမှာ မနေ့ အောက်တိုဘာ ၃ ရက် ၊ နေ့လယ်ပိုင်းက စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရပြီး သူတို့သေနတ်တွေကို ယူဆောင်သွားတာ ခံရတယ်လို့ ညောင်ပင်ကြီးဒေသခံတွေဆီက သိရပါတယ်။

” ညောင်ပင်ကြီး ရဲစခန်းထဲက စျေးဝယ်ဖို့ထွက်လာတဲ့ ရဲ ၄ ယောက်ကို အိမ်စီးကား အဖြူရောင်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်သွားတာ “လို့ မျက်မြင်တွေ့လိုက်ရသူ စျေးသည်တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေး အဖွဲ့ရုံးနဲ နီးစပ်သူ တယောက်က” နေ့လယ် ၁ နာရီနောက်ပိုင်းမှာဖြစ်တာပါ ၊ ညောင်ပင်ကြီး ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နဲ့ ရဲတပ်သား ဇင်ကိုဖြိုးတို့ ၄ ယောက်ဟာ စျေးဝယ်ထွက်လာတဲ့အခါ Alphard အဖြူရောင် ကားတစ်စီးပေါ်ကနေ စောင့်ကြိုပစ်ခတ်တာကို ခံရတာပါ ၊ တပ်ဖွဲ့ဝင် ၄ ဦးစလုံး ကျဆုံးပြီး သူတို့ကိုင်ဆောင်သွားတဲ့ လက်နက်တွေပါသွားတယ်လို့တော့ ကနဦး ကြားရတယ် ၊ မြေပြင် အခြေအနေ စစ်ဆေးနေဆဲ ” လို့ ပြောပါတယ်။

အခုဖြစ်ပွားသွားတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရတဲ့ ဖြစ်စဥ်ဟာ ဆားလင်းကြီးမြို့နယ်ထဲမှာ ၃ လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းက ဆားလင်းကြီးမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲ ၄ ဦး စျေး၀ယ်ထွက်လာတဲ့အချိန် လမ်းဘေး လက်ဖက်ရည်ဆိုင်ထဲမှာ ပစ်သတ်ခံရပြီး သေနတ် ၄ လက်ပါသွားတာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင် စံပြကျေးရွာ ၊ ညောင်ဖြူပင်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၂ ဦးဟာ ရွာထဲက တာရိုစျေးမှာ စျေးဝယ်နေတဲ့အချိန် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့တယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်း မုံရွာနားဝန်းကျင်မှာ ၃ လအတွင်း စျေးဝယ်ထွက်ရင်း ပစ်သတ်ခံရတဲ့ ရဲအရေအတွက်ဟာ ၁၀ ဦးနီးပါး ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmarv#VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW