ရွှေ၊ ငွေဈေးတွေ ကျလာပေမယ့် အထွေထွေကုန်စည်ဈေးနှုန်းတွေ ကျမလာဘဲ ထပ်တက်နေ

အောက်တိုဘာ ၄- ၂၀၂၂
SN (VOM)

ပြည်တွင်းမှာ ‌ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းက မြင့်တက်ခဲ့တဲ့ ရွှေ၊ ငွေဈေးတွေဟာ အဲ့ဒီ့လကုန်ပိုင်းကစလို့ ပြန်လည်ကျဆင်းလာပေမယ့် အထွေထွေကုန်စည်ဈေးနှုန်းတွေကတော့ ကျမလာတဲ့အပြင် ထပ်ပြီး‌တော့တောင် ဈေးတွေမြင့်တက်လာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲတွေကြုံပြီးနောက် ရက်ပေါင်း ၆၀၀ နီးပါးအတွင်း ဒေါ်လာ၊ ရွှေနဲ့ စက်သုံးဆီဈေးနှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ‌အထွေထွေကုန်စည် ဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်ခဲ့ပါတယ်။

“ဆီတွေ၊ ဆန်တွေက ဈေးတက်တုန်းက‌တော့ ရွှေ၊ ငွေဈေးနဲ့ အပြိုင်၊ အခု ရွှေ၊ငွေဈေးတွေပြန်ကျတော့ သူတို့က ပါမလာတဲ့အပြင် ထပ်တောင် တက်နေလိုက်သေးတယ်။ အသား၊ငါးမစားနိုင်တာလည်း လနဲ့ချီပြီးကြာနေပြီ” လို့ ပြည်သူတဦးကပြောပါတယ်။

ဈေးကွက်မှာ စားအုန်းဆီတမျိုးတည်းသာ အရင်ထက်ဈေးကျပြီး ဆန်၊ ကြက်သွန်နီ စတဲ့ စားဖိုးဆောင်သီးနှံတွေနဲ့ ပြည်တွင်းထုတ် ကော်ဖီအပါအဝင် တခြားစားသောက်ကုန်တွေဖြစ်တဲ့ ကြက်ဥ၊ အာလူး၊ ပဲမျိုးစုံ၊ မုန့်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ ကျဆင်းခြင်းမရှိဘဲ အတက်ဘက်ကိုသွားနေတယ်လို့ သိရပါတယ်။

အရင်က စားအုန်းဆီ တပိဿာ ကျပ် ၁၀,၀၀၀ အထိမြင့်တက်ခဲ့ရာက လက်ရှိမှာ ကျပ် ၇,၀၀၀ အထိ ဈေးကျလာနေပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ပစ္စည်းပြတ်သွားလို့ ယိုးဒယားကနေ တင်သွင်းခဲ့ရတဲ့ ပုစွန်နှစ်ကောင်ဟင်းရွက်ဆီ ငါးလီတာတပုံး လက်ကားဈေးဟာလည်း စက်တင်ဘာလလယ်က ကျပ် ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၆,၀၀၀ ကျပ်ဝန်းကျင်ကို ကျဆင်းနေပြီး နေကြာဆီ ငါးလီတာတပုံး ကျပ် ၅၀,၀၀၀ ကျော်မှာလည်း ၄၇,၀၀၀ ကျပ် ဖြစ်သွားတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။

ကြက်သွန်နီဈေးနှုန်းမှာတော့ စက်တင်ဘာ ၂ ရက်က လက်ကားဈေး တပိသာ ၃,၆၀၀ ကျပ်ရှိနေရာက စက်တင်ဘာ ၂၃ ရက်မှာ ၃,၁၀၀ ကျပ် ရှိနေပေမယ့် လက်လီဈေးကွက်အတွင်းမှာတော့ တစ်ပိသာ ၃,၅၀၀ ကနေ ၄,၀၀၀ ကြား ရှိနေတယ်လို့ သိရပါတယ်။

“ဒီအချိန်မှာ အကုန်လုံးလိုလို ဈေးတက်နေတာ။ ကျတာမရှိသေးဘူး။ တချို့ဆိုင်တွေက ကုန်ဈေးနှုန်းတက်လာရင် ညည်းညူပြီး ဈေးတက်ရောင်းတယ်။ ကုန်ဈေးနှုန်းကျသွားတော့ တက်ဈေးနဲ့မိထားလို့ဆိုပြီး ဈေးမကျဘဲရောင်းတယ်” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ်် ၉၅,၀၀၀ ၊ ဇီယာတစ်အိတ် ကျပ် ၄၇,၀၀၀ မှ ၄၉,၀၀၀ ကြား၊ ဆင်းသွယ်တစ်အိတ် ကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

“ဆန်သစ်ပေါ် လာချိန်မှာတော့ ဈေးငြိမ်သွားမယ်လို့ ထင်ပါတယ်။ တခြားကုန်ပစ္စည်းတွေ ဈေးအဆမတန် တက်နေချိန်မှာ ဆန်ဈေးကတော့ ထိုးတက်တာမျိုး မရှိသေးပါဘူး” လို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။

အခုလက်ရှိမှာ ပြည်တွင်းစားသုံးမှုများတဲ့ ပေါ်ဆန်းမွှေး ကျပ် ၆၂,၀၀၀၊ တောင်ပျံမွှေး ကျပ် ၇၀,၀၀၀ ၊ မနောသုခ ကျပ် ၅၁,၀၀၀ ၊ ရှမ်းဆန် ကျပ် ၇၅,၀၀၀ ရှိတယ်လို့ သူကပြောပါတယ်။

ဒါပေမယ့် ရွှေဘိုပေါ်ဆန်မွှေး အဓိကစိုက်ပျိုးရာ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွာသားတွေ စစ်ဘေးရှောင်နေရပြီး လယ်ယာမစိုက်ပျိုးနိုင်လို့ စပါးသစ်၊ ဆန်သစ်ပေါ်ဖို့ ခက်ခဲနိုင်တယ်လို့လည်း သိရပါတယ်။

Photo-Hsu
#voiceofmyanmarv#VOM #ကုန်စျေးနူန်း #မကျသေး

Related posts

Leave a Comment

VOM News

FREE
VIEW