ရွှေစျေးထိန်းတဲ့အနေနဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို တောက်လျှောက် ရောင်းပေးတော့မယ်လို့ သိရ

အောက်တိုဘာ ၆ – ၂၀၂၂
SN (VOM)

ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို သတ်မှတ်ရာနေရာတွေမှာ တောက်လျှောက် ရောင်းပေးတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ကနေ သိရပါတယ်။

နစကအနေနဲ့ ရန်ကုန်နဲ့မန္တလေးမှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းချပေးနေတာဖြစ်ပြီး ပြည်တွင်းကုန်ဈေးနှုန်းနဲ့ ရွှေဈေးနှုန်းကို ထိန်းပေးတဲ့သဘောဖြစ်တယ်လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

“ဒီ ရွှေရောင်းပေးတာက ပုံမှန်အတိုင်းပဲ ဖြစ်သွားတော့မှာပါ။ ဌာနကလည်း တောက်လျှောက် ရောင်းပေးသွားတော့မယ့်သဘောရှိပါတယ်။ ပြင်ပဈေးကိုလည်းထိန်းတဲ့သဘောပဲပေါ့” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

အောက်တိုဘာ ၆ ရက်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နဲ့ မန္တလေးမြို့ရှိ Star Mart Mandalay တို့မှာ အောက်တိုဘာ ၆ ရက်၊ မွန်းလွဲ ၁ နာရီကနေ ၃ နာရီအတွင်း ထပ်မံရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ရွှေတုံး၊ ရွှေခဲ ၃ ပိဿာကို ‌ပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ပေမယ့် အဲ့ဒီ့အချိန်‌တုန်းကတော့ တင်ဒါဆွဲမယ့်သူမရှိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့အပတ်ကတော့ ရွှေဈေးက ကျနေတဲ့အချိန်ပေါ့။ အပေါ်ကနေ တောက်လျှောက်ပြုတ်ကျလာတဲ့အချိန် ၂၅ သိန်း ‌၆ သောင်းလောက်မှာ၊ အပြင်မှာပေါက်တာကလည်း အဲ့ဒီ့ဈေး၊ တင်ဒါကြမ်းခင်းဈေးကလည်း ဒီဈေးပဲဆိုတော့ ကျနေတဲ့ဟာကို အကုန်လုံးက သိနေတဲ့အခါကျတော့ တင်ဒါဆွဲတဲ့သူမရှိဘူးပေါ့။ ဒီနေ့ကတော့ဈေးက တက်တယ်လည်းမဟုတ်ဘူး၊ ကျတယ်လည်းမဟုတ်ဘူး။ ကမ္ဘာ့ဈေးနဲ့ ပြည်တွင်းဒေါ်လာကလည်း ပုံမှန်အတိုင်းဖြစ်နေတယ်။ ဒီနေ့ကတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် ရွှေဒင်္ဂါးပြားတွေ ရောင်းချတာနေတာကိုလည်း အရင်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

YGEA က အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲပိုင်း ထုတ်ပြန်ထားတဲ့ ရွှေဈေးဟာ ကျပ် ၂,၀၁၇,၀၀၀ ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ကျပ် ၂,၆၈၀,၀၀၀ ဖြစ်တာကြောင့် ကျပ် ၆၆,၃၀၀၀ ကွာဟနေသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေစျေးထိန်းတဲ့အနေနဲ့ #ရွှေစင်တုံး၊ခဲရောင်းချ

Related posts

Leave a Comment

VOM News

FREE
VIEW