သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ဂါလန် ၂ သန်းကျော် ဆီချနေတယ်လို့ သိရ

အောက်တိုဘာ ၆ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းရှိ Terminalမှာ စက်သုံးဆီ ဂါလန် ၂ သန်းကျော် ဆီချနေတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

MT Intan Premier သင်္ဘောကနေ ဓာတ်ဆီ 92 Ron ၂ ဒသမ ၀၉ ဂါလန်သန်းနဲ့ ဓာတ်ဆီ 95 Ron
၀ ဒသမ ၁၇ ဂါလန်သန်းကို အောက်တိုဘာ ၁ ရက်နေ့ကစလို့ ဆီချလုပ်ငန်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခု စက်သုံးဆီဈေးတွေ ကျနေတာက သူတို့ ရုရှားဘက်ကဆီတွေ သွင်းတယ်လို့တော့ ကြားတာပဲ။ အဲ့ဒါကြောင့် တဖြည်းဖြည်းနဲ့ ကျနေတာလားမသိဘူး။ တကယ်လို့ အဲ့ဒီဘက်ကမရတော့ဘူးဆိုရင်လည်း ဆီဈေးက ပုံမှန်အတိုင်း ပြန်တက်မှာပဲလေ။ ဟိုအရင်လိုဈေးနဲ့ ပြန်ရရင်တော့ အကောင်းဆုံးပေါ့” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးမှာ အောက်တိုဘာ ၆ ရက်နေ့ ပေါက်ဈေးအရ ရန်ကုန်မြို့ စက်သုံးဆီ လက်လီတစ်လီတာဈေး အောက်တိန်း 92 Ron တစ်လီတာ ၁၉၆၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၂၅ ၊ ဒီဇယ်တစ်လီတာ ၂၅၇၅ ၊ ပရီမီယံဒီဇယ် ၂၆၆၀ ဝန်းကျင်မှာ ရှိနေပါတယ်။

ပဲခူးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၁၉၇၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၃၅ ၊ ဒီဇယ်တစ်လီတာ ၂၅၉၀ ၊ ပရီမီယံဒီဇယ် ၂၆၆၅ ဝန်းကျင်မှာ ရှိနေပြီး မန္တလေးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၀၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၇၀ ၊ ဒီဇယ်တစ်လီတာ ၂၆၃၀ ၊ ပရီမီယံဒီဇယ် ၂၇၀၅ ဝန်းကျင်မှာ ရှိနေပါတယ်။

နေပြည်တော်မှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၀၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၇၀ ၊ ဒီဇယ်တစ်လီတာ ၂၆၂၅ ၊ ပရီမီယံဒီဇယ် ၂၇၀၀ ဝန်းကျင်မှာ ရှိနေပြီး မကွေးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၀၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၇၀ ၊ ဒီဇယ်တစ်လီတာ ၂၆၂၅ ၊ ပရီမီယံဒီဇယ် ၂၇၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။

“ဆီဈေးက ရုရှားက ဆီတွေပေးလို့ ကျနေတာလား၊ အခု အဲ့ဒီဆီတွေပဲ ရောင်းပေးနေတာလားတော့ မသိဘူးပေါ့။ ဒါပေမယ့် အများကြီးတော့ ထပ်မကျလောက်တော့ဘူးလို့ ထင်တယ်။ ကျရင်လည်း ၃၀၊ ၄၀ ဝန်းကျင်ပဲ၊ တက်ရင်လည်း ၃၀၊ ၄၀ ဝန်းကျင်ပဲ။ အရင် ပုံမှန်ဈေးတန်းဆိုတာ‌ကတော့ ၉၂၅ ၊ ၉၅၅ ပေါ့။ အဲ့ဒီဈေး‌တန်း ပြန်ရောက်ဖို့ကတော့ အိပ်မက်တစ်ခုလိုပါပဲ”လို့ နောက်ထပ် အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ၂၉ ရက်နေ့က MOPS ဈေး မြင့်တက်တာကြောင့် ဈေးအနည်းငယ် မြင့်တက်ခဲ့ပြီးတဲ့နောက်ပိုင်းကစလို့ တဖြည်းဖြည်း ပြန်ကျနေတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ ကန်ဒေါ်လာပေါက်ဈေး အနေနဲ့ကတော့ ဗဟိုဘဏ်ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ရောင်းဈေး ကျပ် ၂၉၅၀ ၊ ဝယ်ဈေး ၂၉၀၀ ဖြစ်ပေါ်နေပါတယ်။

Photo – MOPS
#voiceofmyanmar #VOM #စက်သုံးဆီကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW