ရော်ဘာကို ပြည်ပတင်ပို့ရာမှာ ပြင်ပပေါက်ဈေး ရာနှုန်းပြည့်ရတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေကို မယှဉ်နိုင်သေး

အောက်တိုဘာ ၁၁ – ၂၀၂၂
SN (VOM)

ပြည်တွင်းကထွက်ရှိတဲ့ ရော်ဘာကို နိုင်ငံခြားတင်ပို့ရာမှာ ပြင်ပပေါက်ဈေးနဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရောင်းလို့ရနေတဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေကို မယှဉ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကနေ ​သိရပါတယ်။

“ပြည်ပဈေးကွက်ကို ရော်ဘာတင်ပို့ရာမှာ အပြင်ပေါက်ဈေးနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ ရောင်းလို့ရတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု၈ကော်မရှင်က တဆင့်ဝင်ရောက်ထားတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေ၊ ပြည်တွင်းနဲ့ ဖက်စပ်ရတဲ့ ကုမ္ပဏီကြီးတွေကို ရာခိုင်နှုန်း ၆၅ ၊ ၃၅ ရတဲ့ ပြည်တွင်းကုမ္ပဏီတွေက ယှဉ်ပြီးတော့ မလုပ်နိုင်သေးဘူးဖြစ်နေတယ်” လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။

ရော်ဘာကို နိုင်ငံခြားတင်ပို့မှုအပိုင်းမှာ ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ များစွာ အားယူနေရဆဲဖြစ်ပြီး ဗဟိုဘဏ်ရဲ့လက်ရှိသတ်မှတ်ချက်တွေအရ အဆင်ပြေမှု မရှိနိုင်သေးဘူးလို့ ပြောပါတယ်။

“နိုင်ငံခြား တင်ပို့မယ့်ကိစ္စတွေကတော့ လက်ရှိ အခြေအနေအရ Exporter ကုမ္ပဏီကြီးတွေက တော်တော်ကြီးကို အားယူနေရတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ပြန်ဝင်လာတဲ့ဒေါ်လာရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ဈေးနှုန်းနဲ့ လဲပေးရပြီးတော့ ၃၅ ရာခိုင်နှုန်းကတော့ အပြင်မှာ ကိုယ့်စိတ်ကြိုက်ပေါက်ဈေးနဲ့ ရောင်းလို့ရတာပေါ့။ ပြောရမယ်ဆိုရင်တော့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သာကိုင်သာမရှိဘူး၊ တော်တော်လေး အကျပ်အတည်းထဲမှာရှိတယ်။ နိုင်ငံတော်က ဖြေလျှော့ပေးမယ်ဆိုပြီး ပြောထားတာတော့ ရှိတာပေါ့။ ဘယ်တော့လောက် ဖြစ်မယ်ဆိုတာတော့ မသိသေးဘူးပေါ့”လို့ ဦးမြင့်ခိုင်က ပြောပါတယ်။

အခု ဈေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရော်ဘာဈေး ကျဆင်းနေတဲ့အတွက် ပြည်တွင်းရော်ဘာဈေးနှုန်းတွေ လိုက်ပါကျဆင်းနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အစေးခြစ်ရာသီအစမှာ RSS-3 မှိုင်းခံပြား တစ်ပေါင်ကို ၁၆၀၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပေမယ့် အခု အောက်တိုဘာ ပထမအပတ်မှာတော့ တစ်ပေါင်ကို ကျပ် ၁၃၀၀ ဝန်းကျင်အထိ ဈေးနှုန်း ပြုတ်ကျသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ရော်ဘာဈေးကွက်က နိုင်ငံတကာဈေးကွက်အပေါ်မှာပဲ မှီခိုပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာဈေး အတက်အကျကိုလိုက်ပြီး ပြည်တွင်းဈေး အတက်အကျရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒေါ်လာဈေးအတက်အကျပေါ်မှာလည်း လိုက်ပြီး ဈေးအတက်အကျရှိတာပေါ့။ အဲ့တော့ ဒေါ်လာဈေးတွေ တည်ငြိမ်မှုမရှိတဲ့အခါမျိုးမှာတော့ ဈေးက အတက်အကျကတော့ နေ့တိုင်းရှိနေမှာပဲ။ လက်ရှိကတော့ RSS-3 ကို တစ်ပေါင်ကို ၁၃၀၀ ကျပ်လောက်တော့ ရှိပါတယ်။ နိုင်ငံတကာဈေးကတော့ ဒေါ်လာ ၁၅၀၀ နဲ့ ၁၆၀၀ ဈေးလောက်ရှိတာကိုး။ နိုင်ငံတကာဈေးကတော့ ဒီနှစ်မှာ တော်တော်လေးကို ကျဆင်းနေတာတွေ့ရတယ်” လို့ ရော်ဘာအသင်းအတွင်းရေးမှူးက ပြောပါတယ်။

မြန်မာ့ရော်ဘာဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း ကျဆင်းလာမှုကြောင့် ဈေးနိမ့်ကျလာတာဖြစ်ပေမယ့် ရော်ဘာတောင်သူတွေကတော့ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်နေတဲ့အတွက် နလံမထူနိုင် ဖြစ်နေရတယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက်ကြောင့် ရော်ဘာလုပ်ငန်းတွေဟာ အောက်တိုဘာ ပထမပတ်အထိ အစေးမခြစ်နိုင်သေးလို့ နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

“ဒီ့ထက်ကို ဈေးထပ်ကျသွားမယ်ဆိုရင် ဘယ်လိုမှ မကိုက်တော့ဘူး။ သွင်းအားစုစရိတ်တွေ ဈေးကြီးပေးရတာတစ်မျိုး၊ လုပ်သားခနဲ့ ဒီကြားထဲ ရာသီဥတုကလည်း အခြေအနေမဟန်သေးတော့ အခက်အခဲတွေချည်း ဆက်တိုက်ဆိုသလိုပဲ” လို့ ရော်ဘာလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ၁ နှစ်ကို ရော်ဘာတန်ချိန် စုစုပေါင်း ၂ သိန်းခန့်ထွက်ရှိပြီး ၉၀ ရာခိုင်းနှုန်းကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကာ ကျန်ရှိတဲ့ ၈ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းမှာ အသုံးပြုနေတာဖြစ်ပါတယ်။

အဓိကတင်ပို့နေတဲ့ နိုင်ငံမှာတော့ တရုတ်နိုင်ငံဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁၆သိန်း ၄သောင်း ကျော်ရှိလာပြီး လက်ရှိ ထုတ်လုပ်နိုင်မှုဧကအနေနဲ့ ၈ သိန်းခွဲကျော်ရှိကာ ကျန်တဲ့ ထက်ဝက်ကျော်မှာတော့ ထိန်းသိမ်းဧကတွေအဖြစ် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

Photo-ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအဖွဲ့
#voiceofmyanmar #VOM #ရော်ဘာစိုက်ပျိုးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW