ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ် ပစ်ခံရပြီး ၃ ယောက်သေ၊ ၁၃ ယောက်ဒဏ်ရာရ

အောက်တိုဘာ ၁၂-၂၀၂၂
GG(VOM)

ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်၊ ကင်မွန်းစခန်း ပစ်ခတ်ခံရပြီး ၃ ယောက်သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့ဆီကသိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေဟာ ကားဂိတ်က လူတွေပါသလို ဘုရားဖူးပြည်သူတွေ ဖြစ်ကြောင်း၊အားလုံးကို ကျိုက်ထိုဆေးရုံ ပို့ဆောင်ထားတယ်လို့ ကနဦးသိရပါတယ်။

“ဒီနေ့မနက် ဖြစ်တာ သေဆုံး ၃ယောက်၊ ဒဏ်ရာရ ၁၃ ယောက်ရှိတယ်။ဒီလိုဖြစ်လို့ လာကူပေးပါဆိုလို့မြို့ပေါ်အဖွဲ့တွေပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေတာပါ။ ဒဏ်ရာရတာ မ ၈ ယောက်၊ကျား ၅ ယောက် ၊ ကားနောက်လိုက်တဲ့ စပယ်ယာတွေ ပါတယ်၊ဘုရားလာဖူးသူတွေပါတယ်”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ကျိုက်ထိုအခြေစိုက်ပရဟိတအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်စခန်းမှာ လုံခြုံရေးရယူနေတဲ့ စစ်တပ်ကို ဒီနေ့မနက်ပိုင်းမှာ ၄၀ မမနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် ဘုရားဖူးသူတွေနဲ့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

” ကျနော်တို့ လူနာကောက်ချိန်မှာတော့ ပြည်သူတွေပဲတွေ့တယ်။ တခြားသေဆုံးဒဏ်ရာရတာမျိုးတော့မတွေ့ရဘူး ” လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူကပြောပါတယ်။

လက်ရှိမှာတော့ ကျိုက်ထီးရိုးဘုရားလမ်းတလျှောက်မှာ စစ်ဆေးရေးတွေတင်းကြပ်ထားပြီး တောင်တက်လမ်းကို အသွားအလာ ပိတ်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထီးရိုး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW