မိုးစပါးပေါ်လို့ ဆန်စျေးကျဆင်းလာတာကြောင့် တက်စျေးမိထားတဲ့ ကုန်သည်တွေ အ​ရှုံးနဲ့ ရင်ဆိုင်နေရ

‌အောက်တိုဘာ ၁၂ – ၂၀၂၂
SN (VOM)

မိုးစပါးတွေ စျေးကွက်ထဲ ဝင်လာတဲ့အတွက် ဆန်စျေးနှုန်း အနည်းငယ် ကျဆင်းလာတာကြောင့် တက်စျေးနဲ့ ဝယ်ယူထားရတဲ့ကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဆန်ဈေးကွက်မှာ စားသုံးမှု အများဆုံးဖြစ်တဲ့ ဧည့်မထ တစ်အိတ် ၄၃၅၀၀ ကျပ်ဝန်းကျင်၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ် ၆၅၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၉၀၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

“ဈေးကွက်ထဲ ဆန်အသစ်တွေ ဝင်လာလို့ ဈေးတွေကျနေတာပါ။ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျလာတယ်။ ဈေးက ဆက်ပြီးတော့လည်း ကျဖို့ရှိနေတယ်။ အခုအခြေအနေအရတော့ အရှုံးဘက်မှာပေါ့။ တက်စျေးနဲ့မိထားတဲ့ဟာတွေက အခုစျေးကျနေတော့ ပြန်ချရောင်းတော့ ရှုံးတယ်။ စျေးအတက်အကျကို ချိန်ညှိရောင်းနေရတာပေါ့”လို့ တောင်ကြီးမြို့ရှိ ဆန်ကုန်သည်တဦးက ပြောပါတယ်။

ဆန်ဈေးတွေ ကျဆင်းသွားသလို စပါးဈေးတွေလည်း အနည်းငယ်ကျဆင်းပြီး နယ်တချို့ကနေ မိုးစပါးအသစ်တွေ ဈေးကွက်ထဲ ဝင်လာနေတဲ့အပြင် ငွေကြေးလဲလှယ်နှုန်းတွေလည်း ကျဆင်းသွားတဲ့အတွက် ဈေးတွေ ကျနေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုက စပါးအသစ်ပေါ်ချိန်ဆိုတော့ ပွဲရုံတွေက စျေးချတော့ စျေးကျတယ်ဆိုပြီးဖြစ်နေတာ။ အရင် ဆန်ပြတ်လပ်မယ်ဆိုပြီး သတင်းတွေထွက်ထားတုန်းက ဝယ်ထားတဲ့ ဆန်တွေလည်း မကုန်သေးဘူး” လို့ နောက်ထပ် ကုန်သည်တဦးက ပြောပါတယ်။

ပြည်တွင်း ဆန်ဈေးကွက်ဟာ လက်ရှိမှာ ပြည်ပတင်ပို့ဖို့ ဝယ်လိုအားရှိနေပေမယ့်လည်း ငွေလဲနှုန်းတွေ အကျဘက်ကို ရောက်နေတဲ့အတွက် ဈေးနှုန်းကျဆင်းနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆန်အဝင်ကတော့ ဈေးကွက်ထဲ ပုံမှန်ရှိပြီး အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆန်စပါးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW