ဆားတောင်နယ်မှာ ဘုန်းကြီး ၁ ပါး ပစ်သတ် ၊ ခေါင်းဖြတ်ခံရပြီး ကားလုယူခံရ

အောက်တိုဘာ ၊ ၁၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့၊ ညောင်ငုပ်တိုရပ်ကွက် ၊ ဘုန်းကြီးကျောင်းလမ်းမှာ ဒီကနေ့ အောကိတိုဘာ ၁၃ရက် မနက် ၇ နာရီဝန်းကျင်က ဘုန်းကြီး ၁ ပါး ပစ်သတ်ခံရပြီး ၊ ဦးခေါင်းဖြတ်ကာ ကားလုယူသွားတာကို ခံခဲ့ရတယ်လို့ ဆားတောင်မြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ကျောင်းရှေ့လမ်းမှာဖြစ်သွားတာပါ ၊ သစ္စာရွှေဂူဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀) ၊ ဝါတော်(၂၀) ဟာ ဆွမ်းခံဖို့ ကျောင်းကထွက်အလာ အမည်မသိ လက်နက်ကိုင် လူ ၁၅ ယောက်လောက်က ပစ်သတ်ပြီး ခေါင်းဖြတ်သွားတယ် ၊ ဘုန်းကြီးစီးလာတဲ့ ခွေးဘီလူးကားကိုလည်း သူတို့ယူသွားတာ “လို့ ညောင်ငုပ်တိုရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” သစ္စာရွှေဂူကျောင်းက အနီးဝန်းကျင်က ရွာတွေကို ဆွမ်းခံကြွတဲ့အခါ ကျောင်းက ခွေးဘီလူးနဲ့ ကြွတယ် ၊ ဆရာတော် ဥူးကောဏ္ဍာည ပစ်သတ်ခံရပြီး ကားလုယူသွားတာဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေးအဖွဲ့တွေ လိုက်လံရှင်းလင်းနေတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၂၃ ရက် နေ့လယ်၁၂ နာရီဝန်းကျင်က ဝက်လက်မြို့နယ် ၊ မောက်ကြိုးကျေးရွာ ၊ ရင်းကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဆရာတော် ဥူးပုညသီရိ သက်တော် ၃၇ ၊ ဝါတော် ၁၈ ဝါ ဖြစ်တဲ့ ဘုန်းကြီးဟာ ကျန်းမာရေးမကောင်းလို့ မုံရွာကို ဆေးခန်းပြဖို့ မောက်ကြိုးရွာကနေ ရွှေဘို – မုံရွာ ကားလမ်းအတိုင်း ဘုန်းကြီးကားနဲ့ကြွသွားတဲ့အချိန်မှာ ဝက်လက်မြို့နယ် ၊ ရွာသာကြီးကျေးရွာ ၊ သုဿန်နားအရောက်မှာ လူအင်အား ၃၀ ကျော်ရှိတဲ့ အမည်မသိ လက်နက်ကိုင်တွေက ဘုန်းကြီးကို သတင်းပေး ဒလန်လို့ စွပ်စွဲပြီး ဘုန်းကြီးရော ကားပါ ဖမ်းဆီးထားပြီး ၊ ကားမောင်းလိုက်သွားတဲ့ မောင်ထက်မြတ်နိုင်ကိုတော့ ပြန်လွှတ်ပေးလိုက်တာရှိတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာ ၂၃ ရက်နေ့ ၊ ညနေ ၄ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ကိုင်းရိုးကျေးရွာအုပ်စု ၊ အင်္ဂါထောင့်ကျေးရွာမှာရှိတဲ့ ရွှေအင်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ဆရာတော် ဥူးသောဘိဏ သက်တော် ၅၀ နှစ် ၊ ဝါတော် ၃၀ ၊နဲ့ ကပ္ပိယ ဦးညိုမောင် ၆၇ နှစ် ၊ ဘုန်းကြီးကား မောင်းသူ ကိုကျော်ထွန်းဦး ၄၀ နှစ်တို့ ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘုန်းကြီးကားပါ ယူဆောင်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းက မြို့နယ်တချို့နဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ အခုလို ဘုန်းကြီးတွေသတ်ပြီး ကားလုယူခံရတဲ့ ဖြစ်စဥ်တွေဖြစ်ပွားတာဟာ ဒီနှစ် ၁၀ လအတွင်း ၁၀ ကြိမ်ထက်မနည်းရှိသွားပြီလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဆားတောင် #ဘုန်းကြီးသတ်ပြီးကားလု

Related posts

Leave a Comment

VOM News

FREE
VIEW