စားအုန်းဆီဈေး တစ်ပိဿာ ကျပ် ၆၀၀၀ ကျော်ဝန်းကျင် ရောက်ရှိလာ

အောက်တိုဘာ ၁၆ – ၂၀၂၂
SN (VOM)

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပြည်တွင်း စားအုန်းဆီဈေးဟာ လက်ရှိမှာ တစ်ပိဿာ ကျပ် ၆၀၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီက အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို တစ်ပိဿာ ၃၈၈၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတဲ့အတွက် ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ကျပ် ၃၀၀၀ ကျော် ကွာဟနေပါသေးတယ်။

“သူတို့ ဘယ်လိုပဲ ထုတ်ပြန်၊ ထုတ်ပြန်။ ဈေးနှုန်းတွေ ဘယ်လိုပဲ လျှော့ချ သတ်မှတ်နေပါစေ။ အပြင်ဈေးကတော့ သူတို့သတ်မှတ်တဲ့ဈေးအတိုင်း ဘယ်တော့မှ ထပ်တူညီဖို့မပြောနဲ့၊ မတိမ်းမယိမ်းအဆင့်တောင် မရှိဘူး။ သူတို့ပြောတဲ့ဈေးအတိုင်း မရောင်းရင် အရေးယူမယ်သာ ပြောထားတာ။ တကယ်ရော အရေးယူနေရဲ့လား သိချင်တယ်” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်းတွေ ကျနေသလို ပြည်ပက စားအုန်းဆီသင်္ဘောတွေလည်း ဝင်ရောက်နေတဲ့အတွက် ‌ဆီဈေးတွေဟာ အကျဘက်ကို ရောက်နေတာလို့ ဆီကုန်သည်တဦးက သုံးသပ်ပြောပြပါတယ်။

“အမြင့်ဈေးနဲ့မိထားတော့ ဈေးကျနေတာနဲ့ သိပ်တော့လည်း မဟန်ဘူးပေါ့။ ဒီ့ထက် ထပ်ကျရင်တော့ ရှုံးမယ့်အခြေအနေမှာ ရှိနေတယ်။ စားဆီတွေ သင်္ဘောချနေတာလည်းရှိတော့ ဒီချိန်မှာ ဆီဈေးက အကျဘက်ကို သွားနေတဲ့သဘောပေါ့။ ဒေါ်လာဈေးလည်း ဒီချိန်မှာ ကျနေတယ်။ စက်သုံးဆီဈေးတွေလည်း ကျနေတာဆိုတော့ အခြေအနေကို စောင့်ကြည့်ရဦးမယ့်သဘောပေါ့” လို့ ဆီကုန်သည်တဦးက ပြောပါတယ်။

စားအုန်းဆီဈေးဟာ ရန်ကုန်လက်လီဈေးကွက်မှာ နေရာဒေသအလိုက် ၆၅၀၀ ကျပ်ကနေ ၆၈၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး နယ်ဈေးကွက်မှာတော့ ၇၀၀၀ ကျပ်ကနေ ၇၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

“ဒီအချိန် စားအုန်းဆီက အရင်ထက် ဈေးကျလာတယ်ဆိုပေမယ့် ကိုယ်ဖြစ်စေချင်တဲ့ဈေးတော့ မဟုတ်သေးဘူးပေါ့။ ဒီ့ထက် ပိုကျစေချင်သေးတယ်။ ဒီ့ထက် တက်မလာဖို့လည်း ဆုတောင်းနေရတယ်” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးကဆီစက် အကြီးစား ၂၃၀ ကျော်၊ ဆီစက်အလတ်စား ၉၂၀ ကျော်၊ ဆီစက်ငယ် ၃၁၀၀ ကျော်ရှိပြီး ဆီစက်အကြီးစားမှာ တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံးရဲ့ ၅ ရာခိုင်နှုန်းသာရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆီစက်အလတ်စား ၂၁ ရာခိုင်နှုန်း၊ ဆီစက်ငယ် ၇၃ ရာခိုင်နှုန်းရှိပြီး တစ်နှစ်ကို စားသုံးဆီထုတ်လုပ်မှု တန်ချိန် ၆၆၀၀၀ ကျော်သာ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံခြားငွေသုံးစွဲမှုကို ချွေတာဖို့ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပြောထားပေမယ့် ပြည်တွင်းဆီစားသုံးမှုဟာ တစ်နှစ်ကို တန်ချိန် ၁၅ သိန်းခန့် ရှိနေပြီး ထုတ်လုပ်နိုင်မှုမှာတော့ ၅ သိန်းခန့်သာ ရှိတာကြောင့် ပြည်ပကနေ နှစ်စဉ် တန်ချိန် ၁၀ သိန်းခန့် တင်သွင်းနေရတယ်လို့ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။

အခု အောက်တိုဘာလအတွင်း ပြည်တွင်းကို စားအုန်းဆီသင်္ဘော လေးစင်း ဝင်ရောက်ခဲ့ပြီး ဆီတန်ချိန် စုစုပေါင်း နှစ်သောင်းနီးပါး တင်သွင်းထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလအတွင်းကလည်း စားအုန်းဆီသင်္ဘော ခြောက်စင်း ဝင်ရောက်ခဲ့ပြီး ဆီတန်ချိန် ၂၈၀၃၈ ဒသမ ၇၅၅ ကျော် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမှာရှိနေတဲ့ ဆီစက်တွေ ပြန်လည်ပတ်နိုင်ဖို့နဲ့ နိုင်ငံခြားငွေကြေးသုံးစွဲမှု လျှော့ချနိုင်ဖို့ ပြည်ပနိုင်ငံများက စားသုံးဆီတင်သွင်းမှုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ပုံမှန်တင်သွင်းမှု ပမာဏထက် ၃၀ ရာခိုင်နှုန်း လျှော့ချထားခဲ့လို့လည်း ကြေညာထားတာကို တွေ့ရပါတယ်။

Photo – MEODA
#voiceofmyanmar #VOM #စားသုံးဆီကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW