ရခိုင်ပြည်မြောက်ပိုင်း၊ချင်းပြည်နယ်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့မှာ ခရီးသွားလာလို့ အဆင်မပြေနိုင်သေး

အောက်တိုဘာ ၁၅ – ၂၀၂၂
SN (VOM)

ဒေသတွင်း တည်ငြိမ်မှုမရှိတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့မှာ ခရီးသွားလာလို့ အဆင်မပြေနိုင်သေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

လက်ရှိမှာ အဲ့ဒီ့နေရာတွေကို ပြည်ပခရီးသွားဝင်ရောက်ခွင့် ပိတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်တွင်းခရီးသွားတွေအနေနဲ့လည်း လုံခြုံရေး အခြေအနေအရ သွားလာခြင်း မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “သက်ဆိုင်ရာဌာနတွေက တရားဝင်ထုတ်ပြန်ချက် ထုတ်ထားလား၊ မထုတ်ထားဘူးလားတော့ မသိပါဘူး။ အဲ့ဒီ့နေရာတွေက သွားလို့မရသေးဘူးဆိုတာတော့ သိထားပါတယ်။ ရခိုင်ကိုတော့ ကျွန်တော်သိသလောက်ကတော့ ငပလီကိုတော့ ဖွင့်ထားပါတယ်။ ကျန်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေဘာတွေကတော့ သွားလို့မရဘူး၊ အဲ့လိုသိထားတယ်။ နောက် ချင်းပြည်နယ်ကလည်း သွားလို့မရဘူးဆိုတာ မှန်ပါတယ်။ ပြီးတော့ ကယားနဲ့ စစ်ကိုင်းနဲ့လည်း ထိုနည်းတူစွာပါပဲ။ စစ်ကိုင်းတိုင်း တစ်ခုလုံးဆိုရင်လည်း သွားလို့လာလို့ တော်တော်အဆင်မပြေဘူး ဖြစ်နေတာပါ”လို့ ပြောပါတယ်။

မြန်မာ့ခရီးသွားကဏ္ဍအနေနဲ့ လက်ရှိ ခရီးသွားရာသီအစမှာ ထိုင်းနိုင်ငံဈေးကွက်ကို မျှော်လင့်ထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ကျိုက်ထီးရိုးဖြစ်စဉ်ကြောင့် လက်ရှိမှာ အလားလာကောင်းတွေ မရှိနိုင်သေးဘူးလို့ သိရပါတယ်။

“ဒီဖြစ်စဉ်ကတော့ ခရီးသွားကဏ္ဍအတွက် တော်တော်လေး ထိခိုက်သွားတယ်လို့ ပြောလို့ရတယ်။ ပြည်တွင်းခရီးစဉ်တွေကို ရပ်လိုက်ရတာမျိုးလည်း ရှိသလို နိုဝင်ဘာလလောက်မှလာမယ့် ပြည်ပခရီးစဉ်တချို့ကိုလည်း ဖျက်လိုက်ရတယ်လို့ ကြားပါတယ်။ ပြည်ပခရီးသွားတွေအတွက် ကျိုက်ထီးရိုးကို အခုချိန်မှာ အရမ်းမျှော်လင့်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်။ အရင်တုန်းကတော့ ထိုင်းနိုင်ငံသားတွေ လာရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးပေါ့။ အခုတော့ အများကြီး cancel ဖြစ်တယ်လို့ကြားတယ်။ နဂိုကတည်းကမှ ထိုင်းနိုင်ငံခရီးသွားတွေက အများကြီးလာတာ မဟုတ်သေးဘူး။ မြေစမ်းခရမ်းပျိုး ပြန်လာနေတဲ့အချိန်မှာမှ အခုလိုဖြစ်သွားတဲ့အတွက် ရပ်တန့်သွားတယ်လို့ သိရပါတယ်” လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

ကျိုက်ထီးရိုး ဖြစ်စဉ်ကြောင့် မြန်မာ့ခရီးသွားကဏ္ဍဟာ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ခရီးသွားရာသီတွေမှာ အလားလာကောင်းမွန်နိုင်ခြင်း မရှိတော့ဘူးလို့လည်း ပြောပါတယ်။

ဒါပေမယ့် အခုကာလအတွင်း တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွေကို ခရီးသွားလာမှုအတွက် မျှော်လင့်လို့ ရနိုင်သေးတယ်လို့ သူကပြောပါတယ်။

“မျှော်လင့်ချက်မဲ့သွားတာတော့ မဟုတ်ပါဘူး။ အခုက ရာသီအစမှာ ဖြစ်သွားတာဖြစ်တဲ့အတွက် လာမယ့်နှစ် ကျန်တဲ့ ၃ လမှာ မျှော်လင့်လို့ရပါသေးတယ်။ ဒါပေမယ့် အဲ့ဒါလေးကို ကျွန်တော်တို့ဘက်က မထိန်းသိမ်း၊ မစီစဉ်နိုင်ဘူးဆိုရင်တော့ ဒီရာသီတစ်ခုလုံးအတွက်ကို ကျွန်တော်တို့ မျှော်လင့်ချက်မဲ့တဲ့သဘော ဖြစ်သွားပါလိမ့်မယ်”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုဟာ လက်ရှိမှာ သုညရာခိုင်းနှုန်းသာရှိပြီး ပြည်တွင်း ပဋိပက္ခအခြေနေတွေကြောင့် ခရီးစဥ်ရေးဆွဲရာမှာလည်း အခက်ခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW