ပုသိမ်မှာ တရားမဝင်အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီးလတ်တလော လူ ၂၀ ဝန်းကျင်ဖမ်းဆီးခံထားရ

အောက်တိုဘာ၊ ၁၈-၂၀၂၂
မင်းမြတ်(VOM)

ပုသိမ်မြို့မှာ တရားမဝင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ပြင်ပဆေးခန်းဖွင့်ထားတဲ့ ဆရာဝန် ဆိုသူ အမျိုးအသား အပါအဝင် ၂ ရက်အတွင်း ပုသိမ်ဒေသခံ လူ ၂၀ ဝန်းကျင်ကို သက်ဆိုင်ရာက ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

”မနေ့က အဖမ်းခံရတာက ၁၆ ယောက် ၊ တနေ့က ၄ ယောက်ဖမ်းခံရတာလို့ လို့သိရတယ် ၊ အဖမ်းခံရသူတွေကို ဘယ်ခေါ် သွားတာလဲတော့ မသိဘူး ၊ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်း ခံရတာ ၊ ညဘက်လာဖမ်းသွားတာ ။”လို့ အဖမ်းခံရသူတွေရဲ့ မိတ်ဆွေတဦးကပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ ပြင်ပဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန် အမျိုးသား ၁ ယောက်နဲ့ ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၅ ယောက် အားလုံး ပေါင်း အဖမ်းခံရတာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ် ။

”စွပ်စွဲ အဖမ်းခံရတာ ၊ သူတို့ပြောတဲ့ အဖွဲ့အစည်းတွေနဲ့ လုံးဝ ပတ်သက်တာမရှိပါဘူး၊ ကြက်မွေးမြူရေးလုပ်ငန်း လုပ်တဲ့သူတွေလည်း ဖမ်းသွားတာ ၊ သူတို့ဆိုဘာ နိုင်ငံရေးအကြောင်းမှ နားမလည်တဲ့သူတွေ ၊ အခုအဖမ်းခံရတဲ့သူတွေရဲ့ မိသားစုတွေက တော်တော်စိတ်ပူနေတယ် ၊ တချို့တွေက လာဖမ်းတဲ့နေ့က ရဲတွေ စစ်သားတွေ တွေ့ပြီး စိတ်ထိခိုက်ပြီး ဆေးရုံတင်လိုက်ရတာတွေရှိတယ် ။”လို့ အဖမ်းခံရတဲ့မိသားစုတွေနဲ့ နီးစပ်တဲ့သူ တဦးကပြောပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသမီး ၃ ယောက်ထက် မနည်းလည်းပါဝင်ပြီး အမျိုးသားတွေဟာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်း အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

တရား​ရေးနဲ့သက်ဆိုင်သူတဦးကတော့” လတ်တလောမှာ ဖမ်းဆီးခံထားရသူတွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့သိရတယ် ၊ အဖမ်းခံရတဲ့အထဲမှာ မိန်းကလေးတွေလည်း ပါတယ် ၊ မိသားစုတွေနဲ့တော့ လတ်တလော အဆက် အသွယ်မရသေးဘူး ၊ တတ်နိုင်သရွေ့ ဆောင်ရွက်နေတယ်။”လို့ ပြောပါတယ်။

နိုင်ငံရေးဖြစ်စဉ်တွေ ပြောင်းလဲပြီးနောက် တနှစ်နဲ့ ၉ လအတွင်း ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်နဲ့ နိုင်ငံရေးအကျဉ်းသူ ၇၀ ကျော်ရှိပြီး ထောင်တွင်းထဲမှာရှိတဲ့ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ အယောက် ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW