ဟားခါးမြို့နယ် ထွေ/အုပ်ရုံး နဲ့ မြို့နယ်စည်ပင်ရုံး မီးလောင်

အောက်တိုဘာ ၁၈ ၊ ၂၀၂၂
SP(VOM)

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့နယ်ထွေ / အုပ်ရုံးနဲ့ စည်ပင်ရုံးဟာ ဒီကနေ့မနက် ၂ နာရီဝန်းကျင်က မီးလောင်ခဲ့သွားတယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၁ နာရီဝန်းကျင်က ဟားခါးမြို့ပေါ်မှာ သေနတ်ပစ်သံတွေကြားရတယ် ၊ သေနတ်သံတွေကြားရပြီးနောက် မြို့နယ်စုပေါင်းရုံးဘက်မှာ မီးလောင်တာ”လို့ ဟားခါးမြို့ခံ တယောက်ကပြောပါတယ်။

ဟားခါးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး တာဝန်ရှိသူ တယောက်က ” မြို့နယ် ထွေ/အုပ်ရုံးနဲ့ မြို့နယ် စည်ပင်ရုံးကို မီးပုလင်းတွေ ပစ်ပေါက်ပြီး ရှို့သွားတာဖြစ်တယ် ၊ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရ တာမရှိပေမယ့် ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ ရုံးအဆောက်အဦတွေ ပျက်စီးဆုံးရှုံးတယ် ၊ မီးငြိမ်းသတ်ချိန် ၁ နာရီကျော်ကြာတယ် “လို့ ပြောပါတယ်။

အဲ့ဒီ မြို့နယ် ထွေ/အုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံး မီးလောင်တာနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု ကာလ ခန့်မှန်း တန်ဖိုးစာရင်းကို အခုချိန်အထိ သက်ဆိုင်ရာက ထုတ်ပြန်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၅ ရက် မနက် ၃ နာရီဝန်းကျင်က ဟားခါးမြို့ ၊ တာရ်ရပ်ကွက်မှာရှိတဲ့ ဟားခါးခရိုင် မီးသတ်စခန်းဟာလည်း သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး၊ မီးရှို့ခံရတဲ့အတွက် မီးသတ်ကား ၂ စီးနဲ့ ရုံးအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့မှာရှိတဲ့ မြို့နယ် လဝကရုံးနဲ့ မြို့နယ်သမဝါယရုံးအဆောက်အဦတွေဟာ အခုလ ၁၂ ရက် ည ၁၂ နာရီဝန်းကျင်က မီးရှို့ခံရပါသေးတယ်။

အခုလဆန်းပိုင်းစလို့ ချင်းပြည်နယ်ထဲက ခရိုင် ၊ မြို့နယ် အဆင့်ရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အဦ ၅ ခုထက်မနည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဟားခါး #ထွေအုပ်နဲ့စည်ပင်ရုံးမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW