မုံရွာမှာ လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာကနေ ပစ်ခတ်မှု​ဖြစ်လို့ ၃ ဦးသေဆုံး

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ ဗိုလ်တေဇလမ်းမှာရှိ လက်ဘက်ရည်ဆိုင် တခုမှာ ဒီကနေ့ ၊ ညနေပိုင်းက လူငယ်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ခံရတာကြောင့် လူငယ် ၃ ဦးသေဆုံးသွားတယ်လို့ စက်မှုဇုန်ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

” ဒီညနေ ၃ နာရီဝန်းကျင်က ဖြစ်တာပါ ၊ မိဘမေတ္တာ လက်ဘက်ရည်ဆိုင်ထဲကို ဆိုင်ကယ် ၄ စီးနဲ့ လူငယ် ၆ ယောက် ရောက်လာတယ် ၊ လက်ဘက်ရည် မှာသောက်ပြီးနောက် သူတို့အချင်းချင်း စကားများရန်ဖြစ်ကြတယ် ၊ သေနတ်အတိုပါလာတဲ့ လူငယ်တယောက်က သေနတ်နဲ့ ထုတ်ပစ်လိုက်တော့ ၊ သူတို့နဲ့ အတူတူလာတဲ့ လူငယ် ၆ ယောက်ထဲက ၃ ယောက်သေသွားတယ် ၊ ပစ်တဲ့ ၃ ယောက်လည်း ဆိုင်ကယ်တွေစီးပြီး ဆိုင်ထဲက ထွက်သွားကြတာ ” လို့ အဲ့ဒီ ဖြစ်စဥ်ကို မြင်တွေ့လိုက်ရသူ တယောက်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ် ၃ ဦး သေဆုံးတဲ့နေရာကို စစ်သားနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေနဲ့ ရုပ်အလောင်းတွေကို ကောက်ယူသွားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ် ။

” ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့ လူငယ် ၆ ဦး ၊ အချင်းချင်း စကားများပြီး ၃ ဦးကနေ ကျန် ၃ ယောက်ကို ပစ်သတ်တာလို့ ကနဦး သိရတယ် ၊ သေဆုံးသူ လူငယ် ၃ ဦးက အသက် ၁၆ / ၁၇ အရွယ်တွေဖြစ်တယ် ၊ လတ်တလော သိရတာက နန္ဒဝန်ရပ်ကွက် နယ်မြေ ၈ ထဲက နန္ဒဝင်းထွဋ်ဦး အသက် ၁၇ နှစ် နဲ့ စုံစမ်းနေဆဲ ၂ ယောက်ဖြစ်တယ် “လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်းရယူကာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်သူတွေဟာ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အခုပစ်ခတ်မှုဖြစ်ပွားတဲ့ ရပ်ကွက်နားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းကလည်း အမျိုးသမီး ၁ ဦး ၊ အမျိုးသား ၂ ဦး ပစ်သတ်ခံရပြီး ဘုန်းကြီး ၁ ပါးနဲ့ ဆေးသုတ်လုပ်သား တယောက် ကျည်ဆံထိမှန် ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW