ဖားကန့်မှာ ည မထွက်ရ အမိန့်ထုတ်

ဖားကန့်မှာ ည မထွက်ရ အမိန့်ထုတ်

အောက်တိုဘာ ၂၇၊ ၂၀၂၂
Shy V(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့အတွင်း အနန့်ပါမှာ လေယာဥ်နဲ့ ဗုံးကျဲခံရပြီးနောက် စစ်တပ်ဘက်က ည မထွက်ရ အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဖားကန့်အတွင်း ည ၆ နာရီ ကနေ မနက် ၆ နာရီ မာရှယ်‌လော။ ဖားကန့် အတွင်းထဲပဲ။”လို့ ဒေသခံတဦးက ပြောပါတယ်။

တပ်မကုန်းက ထုတ်ပြန်ထားတာဖြစ်ပြီး ဆိုင်းတောင်၊ လုံးခင်တွေ မပါဘူးလို့လည်း ပြောပါတယ်။

“မာရှယ်လော ထုတ်တာက စစ်တပ်ဘက်ကပါ။ တခြား စာတော့ မရှိဘူး။” လို့ ‌နောက်ထပ် ဒေသခံ တဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်‌ ည ၈ နာရီခွဲ ဝန်းကျင်က KIA တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးဆိုင်းရာရွာ နဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ အနန့်ပါ (Ah Nang Pa)မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ကျရောက်မယ့် ၆၂ နှစ်မြှောက် KIO အထိမ်းအမှတ်နေ့ကို ကြိုဆိုတဲ့ တေးဂီတ ဖျော်ဖြေပွဲ တင်ဆက်နေချိန် ည ၈ နာရီ ခွဲ ဝန်းကျင်မှာ လေယာဉ် ၃ စီးနဲ့လာ‌ရောက် ဗုံးကျဲခဲ့တာကြောင့် လူအစုလိုက်၊ အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ ပြီးနောက် အခုလို တင်းကျပ်ထားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အနန့်ပါနဲ့ ဆက်စပ်နေတဲ့ ၂၁ မိုင်ဂိတ်၊ မြစ်ကြီးနားအဝင် နမ့်အွယ်ခဂိတ်၊ မနမ်ကထောင်ဂိတ်၊ နမ့်ယာဂိတ်၊ နမ့်တိန်ဂိတ်တွေမှာ ကား၊ ဆိုင်ကယ်၊ ယာဉ် အကြီးအသေး အားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“သေဆုံး၊ ဒဏ်ရာရသူတွေ သယ်ယူမှာစိုးလို့ နဲ့ သယ်ဆောင်လာရင် ဖမ်းဖို့အသေးစိတ် စစ်ဆေးတယ်။” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

အဲဒီမှာ သေဆုံးသွားတဲ့ လောပန်းတွေ၊ KIA အရာရှိတွေ ပိုင်ဆိုင်တဲ့ မြစ်ကြီးနားမြို့က နေအိမ်တွေကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ရှာဖွေတာတွေ၊ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း KIA ထိန်းချုပ်ရာ လိုင်ဇာနယ်မြေက ဗိုလ်လောင်းသင်တန်းကျောင်းမှာ ပစ်ခတ် တိုက်ခိုက်တာတွေဖြစ်ခဲ့တာကြောင့် လူဦးရေ ၂၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ဖူးပါတယ်။

#VOM #voiceofmyanmar #ဖားကန့

Related posts

Leave a Comment

VOM News

FREE
VIEW