တာဝတိံသာပွဲ

ဆူးငှက်

” နဂါးလိမ် မိလ္လာသိင်္ဂါညွန့်မှာ၊
တိမ်ပြာဇာတွန့်မြအရောင် …
ချိန်ခါ ဝါစွန့် လတန်ဆောင်ငယ်
သရဒဦးသျှောင် ခေါင်ရတု။
ရှစ်ဋ္ဌာန်ဝန်းဝိုက် ပြိုတော့မည်လို
လျှပ်ခြည်နတ်စည် ခြိမ့်ညောင်းဆော်ခဲ့ခု…”
မသိုးကထိန် တန်ဆောင်ညီးလို့ တန်ဆောင်မုန်းကိုရှေးစာဆိုတို့က ဤသို့ဖွဲ့ခဲ့သည်။

တန်ဆောင်မုန်းမှာ မြောက်ပြန်လေညှင်းညှင်းသင့်သည်။ နှင်းဝတ်မှုန်တို့ ဖွဲဖွဲလွင့်သည်။ ခဝဲဖူးတို့ လူးလူးလွန့်သည်။ ထိုကာလ ထိုရာသီတွင် ကထိန်ပွဲမှာ ခင်းကျင်းကပ်လှူကြသည်။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကျင်းအပ်သော ကထိန်ပွဲတော်များကား ရတနာပုံမ်ခေတ်ကတည်းက မန္တလေးတွင် ဝှဲချီးကျင်းပသည့် ပွဲတော်များဖြစ်သည်။ ဤကထိန် ပွဲတော်များကား မန္တလေးထုံးတမ်းစဉ်လာအတိုင်းတန်ဆောင်မုန်းလဆန်း ၇ရက်၊ ၈ ရက်မှသည် လဆန်း၁၄ ရက်(လပြည့်အဖိတ်)အထိ အစဉ်အဆက် ကျင်းပကြခြင်းဖြစ်၏။ ထိုကထိန်ပွဲတော်နှင့်အတူ တန်ဆောင်တိုင်ဆီမီးပူဇော်ကြပုံများကိုလည်း ” မသိုးကထိန် တန်ဆောင်ညီးလို့၊ အာကာသမီးသီးသီးလှူတော်၊ မမိုးသိမ့်သိမ့် ကျာ်”ဟုစပ်ဆိုကြသည်။

ရတနာပုံမ်မန္တလေးခေတ်ကတည်းက ၁၂လရာသီ ပွဲတော်များအနက် ကထိန်ပွဲတော်ကို အထူးတလည် ကျင်းပခဲ့ကြပုံကိုလည်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြပါရှိခဲ့၏။ကောဇာသက္ကရာဇ် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့တွင် နှစ်စဉ်သွင်းမြဲ ကထိန်အလှူတော်ကို သွင်းကြရာ တောင်စမုတ် ပွဲကြည့်ဆောင်တော်သို့ သီပေါဘုရင်နှင့်စုဖုရားလတ်မိဖုရားတို့ကိုယ်တိုင် ထွက်တော်မူ၍ ရေစက်သွန်းချ လှူဒါန်းသည်ဟု ဆို၏။ ထူးခြားမှုတစ်ခုမှာ ကထိန်ပွဲတော်လာ ပရိသတ်ဦးရေ(၉၂၇၂)ယောက်ကို ခရီးဝေးတစ်ကျပ်၊ ခရီးလတ်ငါးမူးနှင့် ခရီးနီးနှစ်မူးပဲကျဖြင့် ငွေတော်လေးထောင် သနားတော်မူသည်ဟုဆိုသည်။ရွှေမြို့တော်နှင့် အမရပူရပါကျောင်းတိုက် ၂၁၇တိုက်၊ ကျောင်းဦးရေ ၁၅ဝဝ ကျော်ကို တစ်ကျောင်းလျှင် သင်္ကန်းလျာအိုးအင်ကိရိယာတစ်စုံစီ လှူဒါန်းခဲ့သည်။

တန်ဆောင်မုန်းလဆန်း ၁၄ရက်နေ့တွင် မဟာမုနိုဘုရားကြီးမှအစ မန္တလေးရတနာပုံမ်မြို့တော်အတွင်းရှိဘုရားဆူရေသုံးဆယ့်ကိုးဆူတွင် မသိုးသင်္ကန်းရက်လုပ် လှူဒါန်းတော်မူသည်။ ယင်းသို့ လှူဒါန်းနိုင်ရန်အတွက်ရွှေနန်းတော်အတွင်း အနောက်စမုခ်ဆောင်တော်ရှေ့ ဝဲယာယာတစ်လျှောက် ဆောက်လုပ်အပ်သော ရက်ကန်းတဲတန်းများတွင် ကတော်မယားများက ဝါကြိတ်ရစ်မှအစ ရက်ကန်းစင်ကိရိယာအစုံနှင့် အပြိုင်အဆိုင် ရက်လုပ်ရန် ကြိုတင်ပြင်ဆင်ထားကြပုံများကို အရှင်နှစ်ပါးကထွက်တော်မူ၍ အားပေးကြည့်ရှုကြသည်။ ညဉ့်နှစ်ချက်တီးတွင် ဝါကောက်သည်မှစ၍ ယှဉ်ပြိုင်ကြစေရာ ယှဉ်ပြိုင်ပွဲမစတင်မီ ပွဲသဘင်အစုံကျင်းပစေသည်ဟုဆိုသည်။

ဤအစဉ်အဆက်တိုင်း ကထိန်ပွဲတော်များကို မန္တလေးတွင် ကျင်းပခဲ့ကြရာ ပါတော်မူပြီးနောက် သူ့ကျွန် လက်အောက်တွင် ဘာသာသာသနာ ညှိုးမှိန်ပြီး ဘာသာရေးဆိုင်ရာ ပွဲသဘင်အခမ်းအနားများ ယုတ်လျော့သွားမည်ကို စိုးရိမ်သောကြောင့် မန္တလေးမြို့ခံလူကြီးသူမများက ဘာသာရေးအသင်းအဖွဲ့များ ဖွဲ့စည်းကြပြီး အစဉ်အလာများကို မဖြစ်မနေ ကာကွယ်ခဲ့ကြသည်။ ထင်ရှားသောအသင်းအဖွဲ့များမှာ ပရိယတ္တိသာသနာ့ဟိတအသင်းကြီး၊ မလွန်ဈေး ဆန်လှူအသင်းကြီးနှင့် ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းကြီးတို့ဖြစ်သည်။ အချို့သော မန္တလေး၏ လက်ဟောင်းရပ်ကွက် ကထိန်အဖွဲ့များကလည်း အခက်အခဲများကို ခါးစည်းခံပြီး ကထိန်အစဉ်အလာများအား လက်ဆင့်ကမ်းခဲ့ကြရာတွင် ယခုအခါ အကြိမ် ၁ဝဝကျော် (နှစ်ပေါင်း ၁ဝဝ)ကျော် အောင်မြင်စွာ ခင်းကျင်း လှူဒါန်းပြီးခဲ့သောအသင်းများပင် ရှိလာပြီ ဖြစ်သည်။

မန္တလေးသည် သက်တမ်း ၁၅ဝ အတွင်း ”စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ် ဓားထစ်လည်းခံ” ဟူသော ပျဉ်းမငုတ်တို ကဗျာပါစာသားကဲ့သို့ ရောဂါကပ်ဘေးကြီးများကျရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ နယ်ချဲ့စစ်၊ပြည်တွင်းစစ်ကဲ့သို့ စစ်မီးစစ်လျှံအောက်ကျရောက်ခြင်း စသည့် ဘေးအန္တရာယ်များကျရောက်တိုင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမင်းဝံတောင်ရိုးသို့ ပြေးဝင်ခိုလှုံခဲ့ကြရသည်ချည်းဖြစ်သည်။ စစ်ကိုင်း မင်းဝံတောင်ရိုးက ”တောင်ခြေစိမ်းစမ်းချောင်တွေ သိန်းသန်း”ဟုဆိုရမလို တောတောင်သဘာဝရေမြေနှင့် သာသနိက အဆောက်အဦတွေပါများသည်။ ထိုနေရာများမှာ မန္တလေးမြို့သူမြို့သား သောင်းချီသိန်းချီ၍ လွတ်လပ်ချောင်ချိအေးချမ်းစွာခိုကိုးနိုင်သည်။ ခိုလည်းခိုကိုးခဲ့ကြသည်။ အကြိမ် မရေတွက်နိုင်တော့ ။ စစ်ကိုင်းမင်းဝံတောင်ရိုး၏ကျေးဇူးက မန္တလေးမြို့ပေါ်မှာတိုးလို့၊ တိုးလို့ နေတော့သည်။ ထိုထုထည်ကြီးမားသောကျေးဇူးကို ကထိန်ရာသီတွင် မန္တလေးက စစ်ကိုင်းမင်းဝံတောင်ရိုးနေ ရဟန်းတော်များကို ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ကြသည့် အစဉ်အလာရှိသည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ဝန်းကျင်အထိ တန်ဆောင်မုန်းလ ကထိန်ရာသီရောက်လေတိုင်း စစ်ကိုင်းတောင်ရိုးသို့သာလျှင် မန္တလေးကထိန်သင်္ကန်းလှူဒါန်းကြသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ရောက်လျှင် စစ်ကိုင်းတောင်ရိုးသို့ ကထိန်ခင်းလှူသည့် ကားတန်းကြီးက မန္တလေးမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး(၈၄လမ်း) မှသည် စစ်ကိုင်းအထိ အမျှင် မပြတ်တော့။ နာမည်ကျော် အင်းဝတံတား(စစ်ကိုင်းတံတား)ကြီးထိပ်တွင် ကထိန်ကားတွေ ပုတီးစေသီကဲ့သို့ ရှိသည်။ ညသန်းခေါင်အထိ …။ မန္တလေးတစ်မြို့လုံးလည် စစ်ကိုင်းသို့ ပြောင်းရွှေ့သွားလေသလား ထင်မှတ်မှားရသည်။ တန်ဆောင်မုန်းလဆန်း ၁၄ရက်နေ့ ညမှာဖြင့် တစ်မြို့လုံး တိတ်ဆိတ်၏။

သို့သော် မန္တလေး၏ အထင်ကရ မဟာမုနိုဘရားကြီးဝင်းအတွင်းမှာတော့ နာမည်ကျော် ရှေးဟောင်းဘုရားတစ်ဆူ၏ ထူးဆန်းသည့် ဗုဒ္ဓပူဇေနိယပွဲတော်ကိုလည်း ကျင်းပလေ့ရှိသည်ကိုလည်း မေ့မရနိုင်ပေ။
ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ် တပေါင်းလတွင် ရခိုင်မှ ပင့်ဆောင်ခဲ့ပြီး ၁၁၄၇ ကဆုန်လတွင် အမရပူရ နေပြည်တော်သို့ ရောက်ရှိခဲ့သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး စံပယ်တော်မူရာ ဂန္ဓကုဋီတိုက်တော်ကြီး၏ အရှေ့မြောက် ယွန်းယွန်းတွင် ”ရှင်မာလဲ” ဘွဲ့တော်ဖြင့် စေတီတော်တစ်ဆူရှိသည်။ မဟာမုနိဘုရားကြီး ကြွမလာမီ ကတည်းက ရှင်မာလဲဘုရားတည်ရှိခဲ့ပြီး မင်းရှင်စော၏ကောင်းမှုဟုအဆိုရှိသည်။ ဘုရားစေတီပုံတော်မှာအဆင့်မြင့် ဗိသုကာပုံစံဖြစ်ပြီး နတ်ပြည်မှ စူဠာမုနိဘုရားပုံစံနတ်လမ်းများဖြင့် တည်ဆောက်ထားကာ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညပိုင်းနှင့်လပြည့်နေ့တို့တွင် ဘုရားပွဲကိုကျင်းပလေ့ရှိ၏။

” လှိုက်ဆူကျောလဲ၊ ရှင်မာလဲဟု၊ အံ့အဲထင်ပေါ်ထေရ်မြတ်ကျော်”ဟု ဦးနိုး၏ ပျို့လာ စာသားအတိုင်း ရှင်မာလဲရဟန္တာမထေရ်မြတ်ကထင်ရှားသည်။ ဈာန် အဘိဉာည်ထူးခြားစွာရရှိ၍ ငရဲပြည်သို့လည်း ဆင်းနိုင်သည်။ နတ်ပြည် သို့လည်း ကြွချီနိုင်ပြီး စူဠာမုနိစေတီတော်ကို ဖူးမြော်နိုင်သည်။ စူဠာမုနိစေတီတော်တွင် အရိမေတ္တယျ ဘုရားလောင်း နတ်သားနှင့်လည်း တွေ့ဆုံခဲ့သည်ဟုအဆိုရှိ၏။ ဘုရားလောင်းနတ်သားက အရိမေတ္တယျဘုရားအဖြစ် ပွင့်တော်မူစဉ်တွင် ကျွတ်တမ်းဝင်လိုသူများအတွက် ကျင့်သုံးလိုက်နာဖွယ်များကို ရဟန္တာရှင်မာလဲအား လျှာက်ထားခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း နာယူကြရန်၊ ရဟန်းပြုခြင်း၊ အဗြဟ္ဗစရိယာသိက္ခာပုဒ်အပါအဝင် သီတင်းသီလများ ဆောက်တည်ကြရန်။ လှော်ကားသဏ္ဌာန် ကြက်လျှာတံခွန်၊ ကုက္ကား၊ ထီး၊ ထမင်းဆုပ်၊ သစ်သီးမျိုးစုံ၊ ပဒုမ္မကြာ၊ ကြာညို၊ အောင်မဲညိုပန်းတို့ကို တစ်ထောင်စီပူဇော်ပြီး ဝေဿန္တရာဇာတ်ကိုနာယူရန် စသည့်အချက်များဖြစ်သည်။ ဤသို့ဖြင့် နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညနှင့် လပြည့်တိုင်း ရှင်မာလဲပွဲတော်ကိုပုဂံခေတ်ကတည်းကကျင်းပခဲ့သည်ဆို၏။ ရှင်မာလဲတရားပွဲဟုလည်း ခေါ်ဆိုကြသည် ။လှူဖွယ်တစ်ထောင်စီ ပူဇော်ခြင်းအတွက် ထောင်ပြည့်ပွဲဟုလည်းဆိုကြ၏။

ထို့ကြောင့် မဟာမုနိဘုရားကြီးပရဝုဏ်တွင် မင်းရှင်စော တည်ထားခဲ့သည်ဟုအဆိုရှိသော ရှင်မာလဲဘုရားသည် တာဝတိံသာမှ စူဠာမုနိစေတီပုံစံဖြစ်သည်။ ကြာမျိုးငါးစုံဖြင့် အမွှန်းဆင်သည်။ ဘုံခုနစ်ဆင့်ဖြင့် ထူးခြားဆန်းကြယ်သည်။ တန်ဆောင်မုန်းလဆန်း ၁၄ရက် ညတွင် ကြာပန်းများဖြင့် ပူဇော်ပြီး နံနက်အရုဏ်တက်တွင် ဂဏှာနို့ဆွမ်းဖြင့် ဆွမ်းလောင်းလှူသည်။ ယခင်က ဘုရားပစ္စယံပေါ်သို့ ကြာပန်းများပစ်ပေါက်ကြခြင်းဖြင့် မယဉ်ကျေးဖွယ်ပြုမူခဲ့ကြသောကြောင့် သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ဂေါပလူကြီးများ ကြပ်မတ်မှုဖြင့် ယခုအခါ ကြာပန်းများဖြင့် ယဉ်ကျေးဖွယ်ရာ လှူဒါန်းကုသိုလ်ပြုမှုများသည်။

နက္ခတ်စုံလင်သော တန်ဆာင်မုန်းလပြည့်၏ လရောင်အောက်တွင် မီးရောင်စုံထွန်းညှိပူဇော်မှုများဖြင့် မောင်မယ်နှစ်ဖြာ ကြာပန်းပူဇော်ကြပုံများသည် ကုသိုလ်မှုသာမက သိင်္ဂါရ ရသဖြင့် ပြည့်မွှန်းလျက်ရှိချေ၏။
အရိမေတ္တယျဘုရားရှင် အဖူးရစေ …။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW