ဆန်အဝင်နည်းပြီး ဝယ်လိုအားများနေတာကြောင့် ဆန်ကြမ်းဈေးနူန်း ဆက်တိုက်မြင့်တက်လာ

နိုဝင်ဘာ ၈ – ၂၀၂၂
SN (VOM)

ပြည်တွင်း ဆန်ကြမ်းဈေးကွက်အတွင်း ဆန်အဝင်နည်းနေပြီး ဝယ်လိုအားများနေတာကြောင့် ဈေးတွေ ဆက်တိုက် မြင့်တက်လာနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

ဆန်ထွက်ရှိမှု အခြေအနေမှာ ပြီးခဲ့တဲ့ မိုးစပါးပေါ်ချိန်ကာလကို ကျော်လွန်သွားတာကြောင့် ကုန်စည်ဒိုင်တွေအတွင်း ဆန်အဝင်နည်းနေပြီး အရင် ဆန်ပေါ်ချိန်က တစ်ရက်ကို ဆန်အိတ်ရေ ၁ သိန်းလောက် ဝင်နေရာကနေ အခု အိတ်ရေ ၅ သောင်းသာ အဝင်ရှိတော့တယ်လို့ သိရပါတယ်။

“အရင်ပုံမှန်ဆို ဆန်ဈေးက စပါးပေါ်ချိန်တွေဖြစ်တဲ့ မိုးစပါးထွက်ရှိချိန်နဲ့ နွေစပါး ထွက်ချိန်တွေမှာ ဈေးကျတတ်ပါတယ်။ ဒါပေမယ့် အခုကာလက မိုးစပါးအချိန်ကာလ ကျော်လွန်သွားသလို နွေစပါးရရှိဖို့ကလည်း အချိန် လိုနေသေးတဲ့အတွက် ပြည်တွင်း လက်လီစားသုံးသူ ဈေးကွက်မှာ ဆန်ဈေး မြင့်တက်လာနေတာ ဖြစ်ပါတယ်” လို့ ကုန်သည်တဦးက ပြောပါတယ်။

ဒါ့အပြင် ဆန်တန်ချိန်၂ သိန်း ပမာဏကို မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်က အဝယ်ရှိနေတဲ့အပြင် တခြားနိုင်ငံတွေကိုပါ တင်ပို့မှုတွေရှိနေတာကြောင့် ပြည်တွင်းမှာ ဆန်လက်ကျန် နည်းနေရခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြည်ပတင်ပို့တဲ့ ဆန်အမျိုးအစားအနေနဲ့ ဆန်ကြမ်းနဲ့ ဆန်ကွဲကိုသာ အဓိကထားတင်ပို့နေတာဖြစ်ပြီး လက်ရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီကနေ အောက်တိုဘာအတွင်း ဆန်ကြမ်းတန်ချိန် ၅ သိန်းကျော်နဲ့ ဆန်ကွဲ ၄ သိန်းကျော် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။

“အမှန်က ဆန်ဟောင်းလက်ကျန် အသစ်ပေါ်လာရင် ဈေးက အသင့်တင့်ဖြစ်ရမှာ။ ပြည်ပတင်ပို့တာလည်းရှိ၊ လက်ကျန်လည်းနည်းနေတော့ ထိန်းရောင်းနေကြတယ်။ ဆန်လက်ကားဒိုင်တွေကအစ ထိန်းပြီး ရောင်းပေးတဲ့ပုံစံဆိုတော့ လက်လီဈေးကွက်ထဲမှာ ဈေးကတက်သွားတာပေါ့။ အဝင်နည်းရင် ဈေးမြှင့်ပြီးရောင်းကြတာပဲ” လို့ ဆန်လက်လီ ရောင်းချသူတဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်ကြမ်းအမျိုးအစား ဆင်းသုခဆန်ဟာ ဆန်သား ၈၅ ရာခိုင်နှုန်းပါတဲ့ ဆန်တအိတ်ကို ၄၂၅၀၀ ကျပ်နဲ့ ရတနာတိုး ဆင်းသွယ် အိတ်တအိတ်ကို ၄၃၀၀၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

တခြား ဆန်ကြမ်းဈေးနှုန်းတွေအနေနဲ့ ငစိန် ဆန် တအိတ်ကို ကျပ် ၄၄၀၀၀ ၊ ဧည့်မထ တအိတ်ကို ကျပ် ၄၂၅၀၀ ၊ မြီးဒုံးဆန်တအိတ်ကိုငွေကျပ် ၄၇၀၀၀ ၊ ရက် ၉၀ တအိတ် ကျပ် ၄၆၅၀၀ ရှိပြီး အဲ့ဒီ့ဈေးတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကထက် ကျပ်တထောင်ဝန်းကျင်ခန့် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

Photo crd – Original Uploader
#VOM #voiceofmyanmar #ဆန်ကြမ်းစျေးနူန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW