ဝဲဘို့‌တောင်ရွာမှာ ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွား

နိုဝင်ဘာ ၈၊ ၂၀၂၂
Shy V (VOM)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲဘို့တောင်ကျေးရွာဘုန်းကြီး‌ကျောင်းဟာ ဒီနေ့ နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီခွဲ ဝန်းကျင်ခန့်က မီးလောင်ပျက်စီးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ကျောင်း ၂ ကျောင်းလုံး နှစ်ထပ်ဆောင် အကုန်လုံး ကုန်သွားတယ်၊ အဲဒီရွာမှာတော့ အဲဒီ ဘုန်းကြီးကျောင်း ၁ ကျောင်းပဲ ရှိတာဖြစ်ပြီး ကျောင်း ဆောင်တွေလည်း သိပ်မရှိဘူး။ရွာဆိုတော့ ရွာက လူတွေကတော့ အဆင်ပြေအောင်တော့ လုပ်ပေးမယ် ထင်တာပဲ။ ကျောင်းကတော့ တကျောင်းပဲ တွေ့တယ်။ နောက် ကျောင်းဆောင်တွေရော သိပ်မရှိဘူး။ အဲဒီကျောင်းကြီး ၁ ကျောင်းပဲရှိတာ၊ မီးလောင်သွားတယ် ဆိုတော့ နေစရာတော့ အခုတော့ မသိသေးဘူး။ “လို့ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပလပ်ခုံကနေ lose connection ဖြစ်ပြီးတော့ လောင်သွားတာ။ ဝါယာရှော့ခ်တော့ မဟုတ်ဘူး။ lose connection ပေါ့ဗျာ။” လို့ သံဖြူဇရပ်မြို့နယ်
မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိတဦးက VOMကို ပြောပါတယ်။

လူနဲ့ ဘုန်းကြီးတွေ ထိခိုက်မှု မရှိပေမယ့် ၂ ထပ် ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်လုံး ဘာမှမကျန်အောင် လောင်ကျွမ်းသွားကာ မီးသတ်တွက်ချက်တန်ဖိုးငွေ ခန့်မှန်းခြေ ၅၅ သိန်းခန့် ဆုံးရှုံးမှုရှိတယ် လို့ သိရပါတယ်။

သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနအနေနဲ့ ရပ်ကွက်၊ ကျေးရွာတွေကို လျှပ်စစ်မီး အသုံးပြုမှု နဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ အမြဲလုပ်နေတာဖြစ်ပြီး လျှပ်စစ်မီးကို သတိနဲ့ သုံးစွဲစေလိုတယ်လို့ ပြောပါတယ်။

စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း၊ သံဖြူဇရပ်မြို့ ကျေးရွာမှ မီးသတ်တပ်ဖွဲ့ဝင်တို့က သွားရောက်ကာ ၁ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Photo – စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း
#VOM #voiceofmyanmar #သံဖြူဇရပ်

Related posts

Leave a Comment

VOM News

FREE
VIEW