ကန်ဘလူမြို့နယ် မြောက်ပိုင်းက ရွာသား ၁၄ ယောက် ပျောက်ဆုံးမှု အသတ်ခံရတာဖြစ်နိုင်

နိုဝင်ဘာ ၊ ၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ၊ ကိုးတောင်ဘို့ တိုက်နယ် ၊ လျှော်ဖြူကျေးရွာနဲ့ ဇီးကနားကျေးရွာက ဒေသခံ ရွာသား ၁၄ ယောက်ဟာ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ ပျောက်ဆုံးသွားပြီးနောက် ဒီကနေ့အထိ ဆက်သွယ်စုံစမ်းမရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ပျောက်ဆုံးနေတဲ့ ဒေသခံရွာသား ၁၄ ယောက်နဲ့ ပတ်သက်လို့ လျှော်ဖြူရွာခံ တယောက်က

” ဆားတောင်ကြီး တောတိုက်ဘက်မှာ ယာယီတိုက်ပွဲရှောင်နေတာတွေရှိတယ် ၊ အဲ့ဒီဘက်ကို စစ်ကြောင်းရောက်လာပြီးနောက်ပိုင်း ဒေသခံ ရွာသား ၁၈ အဖမ်းခံရတယ်လို့ သိရတယ် ၊ အဲ့ဒီနေ့က နိုဝင်ဘာ ၃ ရက်နေ့ဖြစ်တယ် ၊ အဲ့ဒီနေ့ ညနေပိုင်းက ဇီးကနားရွာသား ၂ ယောက်ပြန်လွတ်လာတယ် ၊ အဲ့နောက် နိုဝင်ဘာ ၅ ရက်မှာ လျှော်ဖြူ ရွာသား ၂ ယောက် ထပ်ပြီး လွတ်လာတယ် ၊ ၁၈ ယောက်အဖမ်းခံရတဲ့အထဲက ၄ ယောက် ပြန်လွတ်လာပြီး ကျန် ၁၄ ယောက်ပျောက်နေတာ ၊ ဒီကနေ့အထိဖြစ်တယ် ၊ ဆက်သွယ်လို့ ၊ ရှာဖွေလို့ မရတော့ဘူး ” လို့ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကတော့ ၊ လျှော်ဖြူကျေးရွာမှာနေတဲ့ ၊ ဦးစိုးဝင်း ၂၇ နှစ် ၊ ဦးကျော်မြင့်ထွန်း ၃၅ နှစ်၊ မောင်စိုးစံ ၁၈ နှစ် ၊ ဦးမိုးဝင်းထွန်း ၃၀ နှစ် ၊ ဦးကျော်စိုး ၃၅ နှစ်၊ ဦးဇော်ဇော် ၃၇ နှစ် ၊ ဦးမြင့်စိုး ၅၀ နှစ် ၊ ဦးဇော်မင်းစိုး ၃၅ နှစ်၊ ဦးငချို ၃၄ နှစ် ၊ ဦးအောင်စိုး ၃၃ နှစ်၊ ဦးညီညီ ၃၀ နှစ် ၊ ဦးမျိုးအောင် ၂၅ နှစ် ၊ ဇီးကနားကျေးရွာနေ အသက် ၃၅နှစ်အရွယ် ဦးထွန်းဦး ၃၅ နှစ် တို့အပြင် အသက် ၁၆ နှစ် အရွယ် ၈ တန်းကျောင်းသား မောင်ဝင်းဝင်းသူ တို့ဖြစ်တယ်လို့ ရွာခံက ပြောပါတယ်။

အဲ့ဒီ ၁၄ ယောက်ဟာ အခုလ ၃ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ၆ ရက်နေ့မှာ သတ်ဖြတ်လိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် VOM က အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် လျော်ဖြူရွာသား ၁၃ ယောက်နဲ့ ဇီးကနားရွာသား ၁ ယောက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က

” နိုဝင်ဘာ ၁ ရက်ကနေ ၈ ရက်အထိ ကန့်ဘလူနယ်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်လို့ ၊ ဒီလ ၄ ရက်နေ့ ၊ ညနေပိုင်း ၂ နာရီခွဲက ကန့်ဘလူမြို့နယ် ၊ ချပ်သင်းကျေးရွာနားမှာ အမျိုးသား ရုပ်အလောင်း ၂ လောင်း နဲ့အတူ လက်လုပ်သေနတ် ၁ လက် ၊ ဘက်လုပ်မိုင်း ၂ လုံး ၊ ဝါယာကြိုးခွေ ၁ ခွေ ၊ ဘက္ထရီအိုး ၁ လုံး သိမ်းဆည်းရမိတာရှိတယ် ၊ နောက်ပြီး ၆ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ၊ ကန့်ဘလူမြို့နယ် ၊ ထန်းတပင်ကျေးရွာမှာနေတဲ့ တောင်သူ ဦးသန်းငွေဆိုသူဟာ နွားစာတိုက်လာရင်း လမ်းမှာ အသတ်ခံရတယ် ၊ နောက်ပြီး ၇ ရက်နေ့ ၊ ညနေ ၅ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ် ၊ ငှက်ပျောတိုင်ရွာက သားဖွားဆရာမ ဒေါ်နှင်းအိထွန်း ဆိုသူရဲ့ ယောကျ်ားဖြစ်သူ ဦးအောင်ဇော်မင်း ပစ်သတ်ခံရပြီး ၊ အဲ့ဒီ သားဖွားဆရာမကို ဖမ်းဆီးခေါ်ဆောင်သွားတာခံရတယ် ၊ ဒီလ အခုပတ်ထဲမှာ တခြားဖြစ်စဥ် ဖြစ်ပွားတာမရှိဘူး ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ပျောက်ဆုံးနေတဲ့ လူ ၁၄ ယောက်ဟာ အဖမ်းခံရတာ ၊ ပြေးလွှားရင်း အသတ်ခံရတာ ၊ ဒါမှမဟုတ် ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေတယ်ဆိုတာ ဒီကနေ့အထိ ရှင်းရှင်းလင်းလင်း မသိရတဲ့အတွက် သူတို့နဲ့ နီးစပ်သူတွေက အသတ်ခံရတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #ကိုးတောင်ဘိုရွာသား၁၄ယောက်ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW