ရှားပါးလာတဲ့ အလုပ်အကိုင်နဲ့ များပြားလာတဲ့ ရွှေ့ပြောင်းလုပ်သားများ

နိုဝင်ဘာ ၁၀ – ၂၀၂၂
SN (VOM)

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးအခြေအနေ ယိုယွင်း ယိမ်းယိုင်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူလူထုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ အကျိုးဆက်တွေကိုလည်း ထပ်မံခံစားခဲ့ကြရတာကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုနဲ့ အလွန်အမင်းကြုံတွေ့နေကြရပါတယ်။

အကျိုးဆက်တွေအနေနဲ့ နယ်မြေ မတည်ငြိမ်မှု၊ စစ်မက်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရမှု၊ မိမိတို့နေထိုင်ရာရပ်ရွာမှာ တရားဥပဒေစိုးမိုးမှု မရှိမှု စတာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို ရင်ဆိုင်လာကြရပါတယ်။

အဲ့ဒီ့ အခြေအနေတွေအပေါ် ထပ်လောင်းပြီး ပြည်သူတွေအနေနဲ့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာမူဝါဒ မတည်ငြိမ်မှုတွေကိုလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါတင်မကသေးဘဲ ပို့ကုန်၊သွင်းကုန်နဲ့ ကုန်သွယ်ရေးဆိုင်ရာမူဝါဒ အပြောင်းအလဲတွေအပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနဲ့ဆက်စပ်လို့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ အထွေထွေကုန်ဈေးနှုန်းတွေနဲ့ မိမိတို့ နေ့စဉ်လိုအပ်တဲ့ ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကိုပါ ခါးစည်းခံနေကြရတာပါ။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာခြင်းနဲ့ စီးပွားရေးလုပ်ငန်းများစွာ ပိတ်သိမ်းခြင်းတို့ကြောင့်လည်း အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာတာ၊ အဲ့ဒီ့လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွေ ထိခိုက်ခြင်း တို့ကလည်း စီးပွားရေးကို ပိုမိုကျပ်တည်းစေခဲ့ပါတယ်။

အဲ့ဒီ့လို အမျိုးမျိုးသော နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေဟာ အဘက်ဘက်ကနေ ယိုယွင်းကျဆင်းနေတဲ့အပြင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစနစ်တွေဟာလည်း မြန်မာနိုင်ငံကြီးမှာ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။

သန်းပေါင်းများစွာသော လူငယ်တွေ အပါအဝင် ပြည်သူလူထုများစွာဟာ ရှေ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့အပြင် ရှိနေပြီးတဲ့ စိတ်ဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

နိုင်ငံရေးအပြောင်းအလဲနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တစ်နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံအနေနဲ့ အလုပ်အကိုင်ဆုံးရှုံးမှုနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို အလွန်အမင်း ကြုံတွေ့ ခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ သုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ သန်းနဲ့ချီ ရှိလာနေပြီး အထွေထွေအကျပ်အတည်းတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကိုင်လိုစိတ်များလာတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေက အရမ်းကို ခက်ခဲတဲ့အခြေအနေမှာရှိပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင်တိုးတက်မှု လက္ခဏာတွေရှိနေပေမယ့် လက်ရှိ လုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေ ဆိုးရွားမှုတွေနဲ့ အလုပ်အကိုင်အရည်အသွေး ကျဆင်းမှုတွေဟာ အလွန်အမင်း စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေမှာရှိပါတယ်”လို့ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr.Donglin Li က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံ့ဆင်းသွားပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံကျုံ့ဆင်းသွားတယ်လို့ ILO ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိတဲ့ အထည်ချုပ်လုပ်ငန်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာလည်း ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း သို့မဟုတ် နေ့စားအလုပ် လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်တွေ ပုံမှန်မဟုတ်ခြင်းနဲ့အလုပ်သမားတွေအဖို့ နည်းပါးတဲ့ လုပ်အားခတွေ ရရှိနေခြင်း စတဲ့ အနေအထားတွေဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အပြင်းအထန် ဖြစ်ပေါ်နေတဲ့ ကာလအတွင်းကစလို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းကြီးတွေအပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကအစ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ ခက်ခဲလာနေပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ စီးပွားရေးကျပ်တည်းမှု ဖြစ်ပေါ်လာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပါတယ်။

“မြန်မာနိုင်ငံမှာ အခုပေးထားတဲ့အခြေခံလစာက တက်လာတဲ့ကုန်ဈေးနှုန်းနဲ့ တစ်ယောက်တည်းတောင် ငါးပိရည်နပ်မမှန်တော့ပါဘူး။ ပြီးတော့ အဖက်ဖက်ကလည်း လုံခြုံမှုမရှိတော့ပါဘူး။ ရွေးချယ်ခွင့်မရှိတော့လို့ အခက်အခဲအမျိုးမျိုးကြားက နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ကြရတာပါ”လို့ ဂျပန်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတဦးက ပြောပါတယ်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအများစုဟာ ကိုဗစ်ကာလအတွင်း ပုံမှန်လည်ပတ်နိုင်ရေးအတွက် ကြိုးစား ရုန်းကန်နေခဲ့ရပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အစားအသောက်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း အစရှိတဲ့ လုပ်ငန်းကုမ္ပဏီများအနေနဲ့ လုပ်ငန်း ဆက် လက် လည်ပတ်နိုင်ရေးအတွက် လုပ်သား ဝန်ထမ်းဦးရေ လျှော့ချတာအပြင် လုပ်ခလစာတွေ ရာခိုင်နှုန်းအလိုက် လျော့ချတာတွေလည်း လုပ်ဆောင်လာခဲ့ကြပါတယ်။

အနိမ့်ဆုံးလုပ်ခလစာအဖြစ် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရရှိတဲ့ ပြည်တွင်းက လုပ်သားတွေအနေနဲ့ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီး မြင့်လာမှုနဲ့ ကြုံတွေ့ရတဲ့အခါ ဝင်ငွေနဲ့ထွက်ငွေ မမျှတမှုနဲ့ ကြုံတွေ့လာရပါတော့တယ်။

မိမိနေထိုင်ရာ အရပ်ဒေသအသီးသီးမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီး စားဝတ်နေရေးအတွက် ရုန်းကန်လာရပြီးနောက်ပိုင်း လူငယ်၊ လူရွယ် အများစုဟာ နိုင်ငံကနေစွန့်ခွာပြီး ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ပြင်ဆင်လာကြပါတယ်။

“အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် အာမခံချက်မရှိတဲ့ အခြေအနေမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေရလမ်းနည်းပါးမှု၊ ကုန်စျေးနှုန်း ကြီးမြင့်မှုကို ခံစားနေရတဲ့ ပြည်သူအများစုက ဘယ်သူပျော်နိုင်မှာလဲ။ လူငယ်တော်တော်များများ အကုန်လုံးအတူတူပဲ၊ လမ်းတွေပျောက်နေကြတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် လုပ်မယ်ဆိုပြီး သွားလုပ်ကြမယ်သူတွေကလည်း အများကြီးပဲ။ ဒီလိုမှပဲ အဆင်ပြေကြမှာလေ။ အခြေအနေက ဒီထက်ဆိုးလာဖို့ပဲ ရှိတော့တယ်”လို့ ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတဦးက ‌ပြောပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့အမျှ လုပ်သားတဦးရဲ့ လုပ်ခလစာဟာ မိသားစု စားဝတ်နေရေးအတွက် လောက်ငှဖို့ အလျှင်မမီ ဖြစ်လာပါတယ်။ အဲ့ဒီ့လို ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ ဘွဲ့ရလူငယ်လူရွယ်တွေဟာ လုပ်ခလစာမြင့်မားတဲ့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်လာကြတာပါ။

“ဒီမှာက ကိုယ်လုပ်ရတဲ့အလုပ်နဲ့ ပြန်ရတဲ့လစာက မမျှဘူး။ အလုပ်ရှင်တွေကလည်း အခုလို ခေတ်ပျက်နေတဲ့ အခြေအနေမှာ အလုပ်လေးပေးထားတာပဲ ကျေးဇူးတင် ဆိုတဲ့ ပုံစံမျိုးနဲ့ လစာကို ထပ်မတိုးပေးချင်ကြတော့ဘူး။ ၁ နှစ်လုပ်လည်း ဒီလစာပဲ၊ ၂ နှစ်လုပ်လည်း ဒီလစာပဲ။ ကုန်ဈေးနှုန်းတွေသားတက်သွားတယ်။ တက်မလာတာက လစာပဲ ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ထမင်းမငတ်ရုံတမယ်ပဲ၊ အဲ့ဒါကြောင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ ပင်ပန်းမယ်ဆိုတာသိပေမယ့် ဒီမှာထက်စာရင်တော့ အများကြီးကောင်းနိုင်ပါသေးတယ်”လို့ ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

အဲ့ဒီ့လို ပြည်ပနိုင်ငံတွေကို သွားရောက်နိုင်ဖို့ ကြိုးပမ်းနေကြပေမယ့် ကပ်ဘေးနဲ့ဆက်စပ်ပြီး သက်ဆိုင်ရာနိုင်ငံတွေက မြန်မာလုပ်သားခေါ်ယူမှု အကန့်အသတ်တွေကြောင့် အရည်အချင်းစစ်စာမေးပွဲ အောင်ထားသူတွေလည်း အလုပ်ရဖို့ ပြည်တွင်းမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတုန်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှု စနစ်အရ တရားဝင်လမ်းကြောင်းနဲ့ မြန်မာလုပ်သားတွေကို စေလွှတ်ပြီး လုပ်ကိုင်မှုများရှိပေမယ့်လည်း စီးပွားရေး ကြပ်တည်းလာခဲ့ပြီးနောက် တရားမဝင်လမ်းကြောင်းက တဆင့်သွားရောက်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လမ်းခုလပ်မှာ ဖမ်းဆီးခံရမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်‌နေပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက လုပ်သားတွေအနေနဲ့ ပွဲစားတွေရဲ့ ချိတ်ဆက်မှုကတဆင့် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ရာမှာ မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခံရပြီး အဲ့ဒီ့ လုပ်သားတွေဟာ ထိန်းသိမ်းရေးစခန်းတွေဆီ ပို့ဆောင်ခံရတာ၊ နေရပ်ပြန်ပို့ခံရတာတွေလည်း ရှိနေပါတယ်။

နေရာဒေသ၊ ရိုးရာဓလေ့ထုံးစံ မတူညီတဲ့ ပြည်ပနိုင်ငံတွေဆီ စွန့်စွားကာ အလုပ်လုပ်ကိုင်နိုင်ဖို့အရေး ထွက်ခွာရာမှာ လုပ်ငန်းခွင်အတွင်း ပင်ပန်းဆင်းရဲနိုင်မှု၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနိုင်မှု၊ ခွဲခြားဆက်ဆံခံရနိုင်မှု၊ အနေအထိုင် အစားအသောက်ခက်ခဲမှုများက စောင့်ကြိုနေတယ် ဆိုပေမယ့်လည်း ပြည်တွင်းရဲ့ အဖက်ဖက်က ယိုယွင်းပျက်စီးလာတဲ့ အခြေအနေတွေကြောင့် မွေးရပ်မြေကိုစွန့်ခွာပြီး ပြည်ပကို သွားရောက်အလုပ်လုပ်မယ့်သူတွေကတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ ။

Photo – ILO Myanmar

#voiceofmyanmar #VOM #အလုပ်သမားရေးရာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW