ကျိုက်လတ်မှာ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်မှာပါဝင်တယ်ဆိုပြီး တက္ကသိုလ်ကျောင်းသူ ၂ ဦးအပါအဝင် ဒေသခံ ၃၅ ဦးဖမ်းခံရ

နိုဝင်ဘာ၊၁၄-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ပေါ်က ပျူစောထီး ခေါင်းဆောင်ဆိုသူ သေနတ်နဲ့ အပစ်ခံရတဲ့ ဖြစ်စဉ်မှာပါဝင်တယ်လို့ဆိုပြီး ဒေသခံ တက္ကသိုလ်ကျောင်းသူ ၂ ယောက် အပါအဝင် ဒေသခံ ၃၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ကျိုက်လတ်မြို့၊ ၂၃ လမ်း ၊ စည်းစိမ်ရှင် စားသောက်ဆိုင်အနီးမှာ အမည်မသိ သေနတ်သမားတွေက၊ ပျူစောထီး ခေါင်းဆောင် ခေါလေး ဆိုသူကို သေနတ်နဲ့ပစ်ခတ်
ခဲ့တာဖြစ်ပြီး အပစ်ခံရပြီးနောက် နိုဝင်ဘာ ၁၃ ရက်အထိ၊၃ ရက် အတွင်း ၊ တက္ကသိုလ်ကျောင်းသူ ၂ ယောက် အပါအဝင်၊ ဒေသခံ ၃၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

“ အဖမ်းခံရတဲ့ အထဲမှာ ကျောင်းသူလေး ၂ ယောက် လည်းပါတယ် ၊ ဆက်တိုက်ဆိုသလိုဖမ်းနေတာပဲ ၊ မနေ့ကအထိ ၃၅ ယောက် အဖမ်းခံထားရပြီ၊
ညဘက်တွေမှာလည်း ဧည့်စာရင်းတွေစစ်ပြီးဖမ်းတာတွေရှိတယ် ၊ အခုအဖမ်းခံရတဲ့အထဲမှာ NLD ပါတီ ဝန်းရံသူတွေလည်းပါတယ်၊ ရဲတပ်ဖွဲ့ နဲ့ စစ်တပ်က ဖမ်းတာ၊”လို့ ကျိုက်လတ်မြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြောပါတယ်။

အဖမ်းခံရသူတွေကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ အပစ်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်တာ ရှိ ၊ မရှိ စစ်ဆေးနေတယ်လို့သိရပါတယ်။

”ဥပဒေနဲ့အညီပဲ စစ်ဆေးနေတယ်လို့ ပြောချင်ပါတယ် ၊ ဖြစ်စဉ်မှာ ပါဝင်ပတ်သတ်တာ ရှိ ၊ မရှိ စစ်နေတယ် ၊ မိမိကိုယ်တိုင် ပြစ်မှုမကျူးလွန်ရင်ရပြီ စိတ်ပူစရာမလိုဘူးလို့ပဲပြောချင်တယ်။”လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိ အဖမ်းခံရသူတွေထဲမှာ တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ် ၂ ယောက်အပါအဝင် အမျိုးသား လူငယ် ၂၃ ယောက်နဲ့ လူလတ်ပိုင်းအရွယ် ၁၀ ယောက်တို့ဖြစ်ပြီး အဖမ်းခံရသူတွေထဲက ၄ ယောက်မှာ ကျန်းမာရေး မကောင်းသူတွေဖြစ်တယ်လို့ သိရပါတယ်။

သေနတ်နဲ့အပစ်ခံရတဲ့ ပျူစောထီးခေါင်းဆောင်
ခေါလေး ဆိုသူမှာ ကျည်ကာအင်္ကျီဝတ်ထားတဲ့အတွက် ရင်ဘတ်မှာသေနတ်ဒဏ်ရာ ၂ ချက် အပြင် ပေါင်နဲ့ လက်မောင်းမှာလည်း သေနတ်ဒဏ်ရာတချက်စီ ရသွားတာကြောင့် လက်ရှိ ကျိုက်လတ်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ်

Related posts

Leave a Comment

VOM News

FREE
VIEW