မဏိပူရ် ပြည်နယ်အစိုးရအဖွဲ့က တမူး – မိုးရေး နယ်စပ်ဂိတ်ကို ၃ လ ပိတ်

နိုဝင်ဘာ ၊ ၁၆ -၂၀၂၂
SP(VOM)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က တမူး – မိုးရေး နယ်စပ်ဖြတ်ကျော် ဂိတ်တွေကို ၃ လအထိ ပိတ်ထားမယ်လို့ နိုဝင်ဘာ ၁၃ ရက်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။

” အမိန့်က ၁၃ ရက်နေ့က ထုတ်တယ် ၊ မနေ့ နိုဝင်ဘာ ၁၅ ရက်ကစလို့ နောက် ၃ လအထိ ပိတ်မယ် ၊ အကြောင်းပြချက်ကတော့ ၊ မဏိပူရ်ပြည်နယ်ထဲကို မြန်မာတွေ တရားမဝင် ဝင်ရောက်နေထိုင်တာကို ထိန်းချုပ်ဖို့လို့ ဖော်ပြထားတယ် ၊ တမူး – မိုးရေး နယ်စပ်မှာ အရောင်းအဝယ်တွေ မဖြစ်တာ လအတော်ကြာနေပြီ “လို့ မိုးရေး ကုန်သည် ဦးဂျမားက ပြောပါတယ်။

တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများ အဖွဲ့နဲ့ နီးစပ်သူ တယောက်က” တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်တွေ ပိတ်လိုက်မယ်ဆိုရင် ကုန်သွယ်မှုက တရားဝင်ကနေ အလိုလို တရားမဝင်ဖြစ်သွားပြီး စျေးနူန်းကြီးမြင့်တာကို ဒဏ်ခံရမယ် ၊ ကုန်သွယ်မှုကတော့ ရပ်သွားမှာ မဟုတ်ဘူး ၊ တရားဝင် သွားလာခွင့် မရတဲ့အခါ တရားမဝင် ခိုးလမ်းတွေက သွားနေရတဲ့အတွက် ကုန်ပစ္စည်း ဂျမ့်ဖြစ်တာတော့ ကြုံရနိုင်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၊ မိုးရေးမြို့သား ၂ ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ကျဆင်းသွားပြီးနောက် အခုလ ၁၃ ရက်က အဲ့ဒီ နယ်စပ်ဂိတ်တွေကို ပိတ်ထားဖို့အတွက် မဏိပူရ်ပြည်နယ် အစိုးရက အမိန့်ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

မဏိပူရ်ပြည်နယ်ထဲက ကျေးရွာတချို့မှာ မြန်မာတွေ တရားမဝင် ၊ ဝင်ရောက်နေထိုင်တာကြောင့် မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူတဲ့အခါ ပြီးခဲ့တဲ့ လ ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသား တစ်ရာဝန်းကျင် အဖမ်းခံရပြီး အဲ့ဒီ အထဲမှာ လက်နက်ကိုင် မြန်မာလူငယ် တချို့ ပါဝင်နေတယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။

“နယ်စပ်ဂိတ် စပိတ်တာဟာ မနေ့ နိုင်ဝင်ဘာ ၁၅ ရက်က စတယ် ၊ မနေ့က နယ်စပ်ဂိတ် ပိတ်တာတွေ အသက်စဝင်တဲ့နေ့မှာပဲ တမူး မိုးရေး နယ်စပ်မှာ ရှိတဲ့ တောတွင်း လက်နက်ကိုင် စခန်း ၆ ခုကို မြန်မာ စစ်ကြောင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက် စီးနင်းတာတွေ ဖြစ်ပွားခဲ့တယ်”လို့ ဒေသခံတွေက ပြောပါသေးတယ်။

Photo – မိုးရေး-တမူး နယ်စပ်ဂိတ်
#voiceofmyanmar #VOM #မိုးရေးတမူးနယ်စပ်ဂိတ် #သုံးလပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW