ကျိုင်းတုံ – တောင်ကြီးလမ်းမှာ ခရီးတင်ကား တိမ်းမှောက် ၊ ၂ ဦးသေဆုံး ၊ ၄ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၉ ၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံ – တောင်ကြီးလမ်း တုံတာမြို့အဝင် မိုင်းကာရွာအနီးမှာ မနေ့ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက ခရီးသည်တင်ကား တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက မနေ့ည ၁၁ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက ၊ မိုင်းကာတောင်အဆင်း နေရာမှာ ကားက ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားတာဖြစ်တယ် ၊ ကားက အံစာတုံး ဟိုက်အေစ့် အမျိုးအစားဖြစ်ပြီး ယာဥ်ပေါ်မှာ ခရီးသည် ၅ ဦးနဲ့ ယာဥ်မောင်း တဦးလိုက်ပါလာတယ် ၊ အဲ့ဒီအထဲက ကားသမားနဲ့ ခရီးသည်တဦးက နေရာမှာတင် သေဆုံးသွားခဲ့ပြီး ကျန် ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရတာ “လို့ တိုင်းနေ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ ခရီးသည်တွေကို ဒေသခံ လူမှုကူညီရေးအသင်းတွေဖြစ်တဲ့ တိုင်းနေ လူမှုကူညီရေးအသင်းနဲ့ တုံတာ လူမှုကူညီရေးအသင်းတွေက ကျိုင်းတုံပြည်သူ့ဆေးရုံးကို ဖြစ်စဥ်ဖြစ်ပွါးချိန်မှာပဲ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ခရီးသည်တင်ကား မတော်တဆမှုဖြစ်ပြီး လူသေဆုံးရတာတွေနဲ့ ပတ်သက်လို့ ကျိုင်းတုံ ယာဥ်ထိန်းရဲတပ်ဖွဲ့စုက ဒီမနက်မှာ မှုခင်းမှတ်တမ်း ရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာလေမြို့ ၊နားယောင်း အုပ်စု ၊ ပါးခါးနွဲ့ကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းဘေးက ချောင်းထဲမှာ ဒီကနေ့မနက်ပိုင်းက အိမ်စီးကား ရေထဲထိုးကျပြီး ကားပေါ်ပါ လူ ၆ ဦးအနက် ကလေးငယ် တဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရတာဖြစ်ပွားခဲ့ပါသေးတယ်။

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီးကားလမ်းဟာ တောင်ပေါ်ကားလမ်းဖြစ်ပြီး သျှိုမြှောင်တွေ အလွန်ပေါများတဲ့အတွက် လမ်းအသုံးပြုတဲ့ ယာဥ်တွေဟာ မကြာခဏ တိမ်းမှောက်တာ ၊ လမ်းချော်တာတွေ ဖြစ်တတ်တာကြောင့် သက်ဆိုင်ရာက အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။

Photo – တိုင်းနေ လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ကျိုင်းတုံတောင်ကြီးလမ်း #ကားမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW