လျှပ်စစ်မီးပျက်ချိန်များနေလို့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ရပ်နားရမလိုဖြစ်နေ

နိုဝင်ဘာ ၁၉ – ၂၀၂၂
SN (VOM)

လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီး လာချိန်ထက် ပျက်ချိန် ပိုများနေတာကြောင့် အသေးစား၊ အလတ်စား (SME)လုပ်ငန်းတွေ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပြီး လုပ်ငန်း ရပ်နားရမလိုဖြစ်နေတယ်လို့ သိရပါတယ်။

အသေးစားနဲ့ အလတ်စား (SME) စက်မှုလုပ်ငန်းများမှနေ၍ ထုတ်ကုန်တိုးမြှင့်သွားမယ်လို့ နစကက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောဆိုထားပေမယ့် လက်တွေ့ အခြေအနေမှာတော့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပျက်တောက်နေတာကြောင့် SME လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

“သူကသာ ဘယ်လိုထောက်ပံ့ပေးမယ်၊ ဘာတွေလုပ်မယ်နဲ့ စကားတွေအကြီးကြီး လျှောက်ပြောနေတာ။ လက်တွေ့မှာ မီးမမှန်တော့ ဘာမှလုပ်မရဘူး။ မီးပျက်လို့ အရင်လို မီးစက်မောင်းပြီးလည်း အလုပ်မလုပ်နိုင်ဘူး။ ရတာနဲ့ကုန်တာနဲ့က မမျှတော့ ဆီဖိုးနဲ့က တွက်ခြေမကိုက်ဘူးလေ။ မီးကလည်း ဒီလထဲမှာ ပိုပြီးအပျက်များနေတယ်။ လာတယ်လို့ကို မရှိဘူး။ အဲ့ဒီတော့ အလုပ်လုပ်ရတဲ့အချိန်ကို မရှိဘူး။ မီးကိုစောင့်ပြီး အလုပ်လုပ်နေရတာ ကြာတော့ လုပ်ငန်းက ဆက်ပြီးလည်ပတ်နိုင်ဖို့ ခက်တယ်။ ကိုယ်တွေကို မှီခိုနေရတဲ့ အလုပ်သမားတွေကြောင့်သာ တင်းခံနေပေမယ့် ကြာတော့ အဆင်မပြေတော့ဘူး”လို့ အလူမီနီယံလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

နစကက လက်ရှိ ချမှတ်ထားတဲ့ စီးပွားရေးမှုဝါဒတွေဟာ မြေပြင်နဲ့ကွာခြားမှုရှိနေပြီး ကုန်ကြမ်းအခက်ခဲ၊ အလုပ်သမားရှားပါးမှု အခက်အခဲနဲ့ ဈေးကွက်ထိခိုက်မှုတွေကြောင့် လုပ်ငန်းလည်ပတ်နိုင်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ အခြေနေမှာ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အတွက် အဆင်မပြေမှုများစွာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“မီတာမဆောင်ရင်တော့ မီးလာဖြတ်တယ်။ မီးကျတော့ မပေးချင်ဘူး။ မီးပျက်ချင်ရင်တော့ ‌အကြောင်းပြချက်တွေအမျိုးမျိုးနဲ့ကို ပျက်တာ။ လျှပ်စစ်ကားတွေ ဘာတွေသာပြောနေတာ။ အိမ်မီးလေးပဲ မှန်အောင်အရင်ပေးကြည့်ပါဦးပဲ ပြောချင်တယ်။ အပ်ထားတဲ့အလုပ်တွေ အချိန်မှီပြီးအောင်လို့ မိတ်လည်းမပျက်ချင်တော့ အလုပ်လုပ်တဲ့အချိန်ကို ပုံမှန်တောင် မထားနိုင်တော့ဘူး။ ညဘက်မီးလာရင် လာတဲ့အချိန် ထလုပ်ရတာပဲ။ စီးပွားရေးကလည်း ဒါလေးပဲရှိတော့ မဖြစ်ဖြစ်အောင်တော့ ကြိုးစားသွားနေရတာပဲ။ အားတော့ သိပ်မရှိဘူး”လို့ တနိုင်တပိုင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ အခုလက်ရှိ အရေးပေါ် ထိန်းသိမ်းပြုပြင်နေရတဲ့အတွက် ဓာတ်ငွေ့နဲ့ လည်ပတ်နေတဲ့ စက်ရုံတွေကနေ ထုတ်လွှတ်တဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်း ၄၃၃ မဂ္ဂါဝပ်ခန့် လျော့နည်းနေတာကြောင့် ဝန်အား လျှော့ချသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါသေးတယ်။

လျှပ်စစ်ဓာတ်အားကို အုပ်စုခွဲကာ အလှည့်ကျပေးဖို့ စီစဥ်ထားပေမယ့် ဓာတ်အားလျော့ကျမှုနဲ့ ဓာတ်အားစနစ် အရေးပေါ် အခြေအနေနဲ့ ကြုံတဲ့အခါမှာ ဓာတ်အား ထပ်မံဖြတ်တောက်သွားမှာဖြစ်ပြီး အစိုးရဆေးရုံတွေနဲ့ အစိုးရဌာနဆိုင်ရာတွေကိုတော့ ၂၄ နာရီ အချိန်ပြည့် လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ စီစဥ်ထားတယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် အခြား ပြည်နယ်နဲ့တိုင်းတွေကိုလည်း လျှပ်စစ်ဓာတ်အား ခွဲတမ်းအလိုက် အခြေအနေပေါ်မှုတည်ပြီး လျှပ်စစ်မီးပေးနိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #လျှစ်စစ်မီး #SMEလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW