ဆားလင်းကြီးမှာ လူနာတင်ယာဥ် ၃ စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ယူဆောင်သွားမှုဖြစ်ပွား

နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာ အခြေပြုတဲ့ လူမှုကူညီရေး အသင်းပိုင် လူနာတင်ယာဥ် ၃ စီးကို မနေ့ နိုဝင်ဘာ ၂၀ ရက် ၊ မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ယူသွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးအဖွဲ့ ကွန်ရက်ဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ အမည်မသိ လူ ၁၀ ယောက်လောက်က ဆားလင်းကြီး အမှတ် ၂ ရပ်ကွက်နေ ဦးဘိုဆောင်းရဲ့နေအိမ်မှာ အခြေပြုထားတဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ် ၃ စီးကို ဝင်ရောက်လုယူသွားတာဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးအသင်း ကွန်ရက်ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က” မျက်နှာမှာ ပုဝါတွေစီးထားတော့ ဘယ်အဖွဲ့ဆိုတာ မသိရဘူး ၊ နောက်ပြီး အခုလို ပရဟိတကားတွေကို ဘာလို့ယူသွားရတယ်ဆိုတာလည်း မသိဘူး ၊ အသင်းရဲ့ ပင်မလုပ်ငန်းတွေ ယာယီရပ်နားထားမယ်လို့ သိရတယ် ၊ အဲ့ဒီလောက်ပဲ ပြောနိုင်သေးတယ် ၊ ဆားလင်းကြီးဘက်မှာက အခြေအနေတွေ ရှပ်ထွေးနေတယ် ” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် လုံခြုံရေးအဖွဲ့ကတော့ အခုလို ပရဟိတကား ၃ စီး လုယက်ခံရတာနဲ့ ပတ်သက်လို့ နယ်မြေရှင်းလင်းတာတွေနဲ့ ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ မြင်းမူမြို့နယ် ၊ အရာတော်မြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ခင်းဦးမြို့နယ် ၊ ယင်းမာပင်မြို့နယ် ၊ တန့်ဆည်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ အခုလို လူမှုကူညီရေး ပရဟိတကားတွေကို အမည်မသိ လက်နက်ကိုင်ထားသူတွေက လုယူတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းထဲက လူမှုကူညီရေးယာဥ် ၁၂ စီး ၊ ဌာနဆိုင်ရာယာဥ် ၂၂ စီး ၊ ဘုန်ကြီးကား ၄၁ စီး ၊ အိမ်စီးကား ၂၆ စီး ၊ ဆီဘောက်ဆာယာဥ် ၃ စီး ၊ ဘိလပ်မြေသယ် နောက်တွဲယာဥ် ၁ စီး ၊ ဆောက်လုပ်ရေးသုံး သံချောင်းသယ်ယာဥ် ၁၂ ဘီး ၂ စီး ၊ Express ခရီးသည်တင်ကား ၁ စီး တို့ကို အမည်မသိ လက်နက်ကိုင်ထားသူတွေက ယူဆောင်ပျောက်ဆုံးထားတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW