ဇီးကုန်းမြို့မစျေး မီးလောင်ပြီး စျေးဆိုင်ခန်း ၇ ခန်း မီးထဲပါသွား

နိုဝင်ဘာ၂၁-၂၀၂၂
GG(VOM)

ပဲခူးတိုင်း အနောက်ပိုင်း၊သာယာဝတီခရိုင်၊ဇီးကုန်းမြို့နယ်က မြို့မစျေးဟာ မနေ့ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားကာ စျေးဆိုင်ခန်းအချို့လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စျေးမီးလောင်းကျွမ်းမှုကြောင့် ကုန်မာဆိုင်အပါအဝင် ဆိုင်ခန်း ၇ ခန်း မီးထဲပါသွားပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

” ညက ၁၀ နာရီ၁၅ လောက် မီးစလောင်တယ်။ ၁၀ ခွဲကျော်လောက်မှာ မီးညွှန့်ထိန်းနိုင်တယ်။ မီးထဲပါတာက ကုန်မာဆိုင်၊သံဆိုင်၊ အုန်းသီးတို့ ပန်းတို့ရောင်းတဲ့ဆိုင်တွေလည်းပါတယ်။ တန်ဖိုးဆုံးရှုံးမှုကတော့ ဘုတ်အဖွဲ့က စိစစ်နေတုန်းပဲ။ စျေးကြီး ဘေးပတ်ပတ်လည်ထောင့်တွေမှာ ရေလှောင်ကန်တွေ၊ ရေပိုက်ငုတ်တွေရှိပေမယ့် အခုလိုမီးလောင်ချိန် ဘာမှအသုံးပြုလို့မရဘူး။ ရေပုံးနဲ့ပက်ဖို့တောင် ဘာမှစီစဥ်မထားဘူး။ မီးချိတ် မီးကတ်တွေလည်းမရှိဘူး “လို့ ဇီးကုန်းမြို့ခံတဦးကပြောပါတယ်။

ဇီးကုန်းမြို့မစျေးမီးလောင်ချိန်ဟာ လျှပ်စစ်မီး ပြတ်တောက်နေချိန်ဖြစ်တဲ့အပြင် စျေးလည်းပိတ်ထားချိန်ဖြစ်တာကြောင့် ဝါယာရှော့ကြောင့် မီးလောင်ခြင်းတော့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မီးလောင်ကျွမ်းမှုကို ဇီးကုန်းမြို့နယ်မီးသတ်က မီးငြိမ်းသတ်ယာဥ် ၆ စီး နဲ့လာရောက်ငြိမ်းသတ်ခဲ့ပြီး အရန်အနေနဲ့ အနီးနားမြို့တွေဖြစ်တဲ့ ပေါင်းတည် ၊အုတ်ဖို၊နတ်တလင်း၊ကြို့ပင်ကောက်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း လာရောက်ကူညီပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ဇီးကုန်းမြို့မစျေးကြီးမှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကလည်း စျေးဆိုင်ခန်းတွေ မီးလောင်ကျွမ်းမှု ရှိခဲ့တယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ဇီးကုန်း #မြို့မစျေးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW