တောင်ကလေး ရဲကင်းစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရဲ ၈ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၂
SP( VOM)

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ် ၊ ကြာအင်းဆိပ်ကြီး – မုဒုံကားလမ်းဘေးမှာရှိတဲ့ ၊ တောင်ကလေး ရဲကင်းစခန်းမှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရဲ တချို့ ထိခိုက်သေဆုံး ၊ ဒဏ်ရာရတယ်လို့ မွန်ပြည်နယ် ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် ၅ နာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင် တွေက ရဲကင်းစခန်းကို ဒရုန်းနဲ့ ဗုံးချတယ် ၊ နောက်ပြီး မြေပြင်ကနေ ၄၀ မမ ဗုံးပစ်သေနတ်တွေနဲ့ ပစ်တယ် ၊ အဲ့ဒီအချိန် တောင်ကလေးရဲကင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်တာ”လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ” ထိတွေ့ပစ်ခတ်မှု အချိန်ကြာလာတယ် ၊ တောင်ကလေး ရဲကင်းစခန်းမှာက တပ်ဖွဲ့ဝင် ၁၃ ဦးတာဝန်ကျတာဖြစ်တယ် ၊ ၁၃ ဦးနဲ့ ရန်သူ သုံးရာလောက်ကို ခံပစ်တဲ့အခါ ၊ ရဲတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးတယ် ၊ ၃ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ စစ်ကူရောက်လာတဲ့အချိန်မှာ ရန်သူတွေဟာ ကစင်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားတယ် ၊ ရဲတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးပေမယ့် ရဲစခန်းကျရှုံးတာ ၊ စီးနင်းခံရတာ မရှိဘူး ” လို့ ဆက်ပြီးပြောပါတယ်။

အမည်မသိ လက်နက်ကိုင်အဖွဲ့ကို လေကြောင်းစစ်ကူနဲ့ ဝင်ရောက်ပစ်ခတ်တဲ့အခါ ဆုတ်ခွာသွားခဲ့ပြီး အဲ့ဒီနောက်ကို ဒီကနေ့ ညနေပိုင်းအထိ လိုက်လံရှင်းလင်းနေတယ်လို့ မွန်ပြည်နယ် ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီအပြင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ကြား နှစ်ဘက် ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် တောင်ကလေးရွာနေ ဒေသခံ ရွာသား ၃ ဦးလည်း လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်မရော

Related posts

Leave a Comment

VOM News

FREE
VIEW