သာကေတမှာ ကုန်စုံဆိုင် ဓားပြတိုက်လုယက်ခံရပြီး အိမ်ပိုင်ရှင်ကိုပါသတ်သွား

နိုဝင်ဘာ ၂၁-၂၀၂၂
VOM (GG)

ရန်ကုန်၊ သာကေတမြို့နယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းက နေအိမ်နဲ့တွဲလျက် ကုန်စုံဆိုင် ပိုင်ရှင်ကို သတ်ပြီး ရွေထည်နဲ့ငွေသားအချို့ကို နေအိမ်တွင်း ဝင်ရောက်လုယက်ခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ ဒီနေ့နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ အမည်မသိအမျိုးသား ၃ ယောက်က ချောရတနာနေအိမ်ကုန်စုံဆိုင်ကို ဝင်ရောက်ပြီး မိသားစုဝင်တွေဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းအချို့နဲ့ ငွေသားအချို့လုယက်ကာ ဆိုင်ပိုင်ရှင် အမျိုးသမီးကြီးကိုလည်း ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

” စျေးရောင်းနေချိန် လူ၃ယောက်ရောက်လာပြီး လုသွားတာ၊ဓားတွေနဲ့ဆိုတော့ သူတို့လည်း မအော်ရဲကြတာပါမယ်။ ဆွဲကြိုး လက်စွပ် နားကပ်ပါသွားတယ်လို့ကြားတယ်။ပိုက်ဆံက၃သိန်း တဲ့။ ဓားနဲ့အထိုးခံရတာကတော့ အမေဖြစ်သူ ဒေါ်ချောချော တဲ့၊ ရွှေတွေကတော့ သူ့သမီးတွေဆီက လုယူသွားတာ ၊ခေတ်ကပျက်နေပါပြီ “လို့ ရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့ အိမ်ပိုင်ရှင် ဒေါ်ချောချောဆိုသူဟာ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်စဥ်မှာပဲ ရရှိခဲ့တဲ့ လည်ပင်းနဲ့ရင်ဘတ်က ဓား ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ နေအိမ်အတွင်း ဝင်ရောက်လုယက်ပြီး အိမ်ရှင်ကိုပါသတ်ခဲ့သူတွေကို အခုထိဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

အခုလ နိုဝင်ဘာလ ၂ ကလည်း ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်က “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်လည်း လုယက်ခံရပြီး ကားတစီး၊ i.phone ၁လုံး ၊ ငွေ သိန်း ၂၈၀ ပါသွားခဲ့ပါတယ်။.အဲ့ဒီလုယက်မှုက ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိပြီဖြစ်တယ်လို့နစက ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။

ရန်ကုန် အပါအဝင် ကျန်တဲ့ တိုင်း နဲ့ပြည်နယ်တွေမှာလည်း ရွှေဆိုင် ဓားပြတိုက်တာတွေ၊ နေအိမ်တွင်းဝင်ရောက်လုယက်သတ်ဖြတ်တာတွေ၊ လမ်းမပေါ်က ခရီးသွားပြည်သူတွေကို လုယက်သတ်ဖြတ်တာတွေ၊ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်တာတွေအထိပါ ဖြစ်ပေါ် နေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW