ရွှေဒင်္ဂါး အများအပြားဝယ်သူတွေရဲ့ ဝင်ငွေရလမ်းကို စစ်ဆေးမယ်

နိုဝင်ဘာ ၂၆- ၂၀၂၂
SN (VOM)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးခဲ့တဲ့ ရွှေဒင်္ဂါးပြားတွေကို မသမာတဲ့နည်းလမ်းနဲ့ အမြတ်ရှာ ပြန်လည်ရောင်းချမှုတွေ ရှိနေတဲ့အတွက် နောက်နောင်မှာ ရွှေဒင်္ဂါးတွေဝယ်သူတွေရဲ့ ဝင်ငွေရလမ်းကို စစ်ဆေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော့်စိတ်ထင်တော့ သူတို့ပြောတာက သူတို့ရောင်းချတဲ့နေရာမှာ မသမာမှုတွေ များတယ်နဲ့တူပါတယ်။ လူတယောက်တည်းကနေပြီး လူအယောက် ၁၀၀ ရဲ့နာမည်နဲ့ စာရင်းသွင်းပြီး အပြား ၁၀၀ ထုတ်သွားတာမျိုးပေါ့။ အဲ့ဒီလိုလူတွေကိုပြောတာ ဖြစ်ပါလိမ့်မယ်။ တခုလောက် ဝယ်တဲ့သူတွေကျတော့ ဝင်ငွေရလမ်းလည်း ဘာမှ စစ်စရာမရှိဘူးလေ။ အရည်ကြိုပြီး ပြန်ရောင်းရအောင်လည်း မကိုက်ဘူး။ အများကြီးဝယ်ပြီး အရည်ကြိုရင်တော့လည်း ကိုက်ချင်ကိုက်မှာပေါ့။ တခုတည်းသမားကတော့ မဖြစ်လောက်ဘူး”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဌာနအနေနဲ့ကတော့ ကိုယ်ကျိုးအတွက် စီးပွားရှာသူတွေ ရှိနေတဲ့အတွက် နောက်နောင်မှာ ရွှေဒင်္ဂါးပြားတွေ ရောင်းချရင် ဝယ်ယူသူတွေရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းအပြင် ဝင်ငွေရလမ်းကိုပါ စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

“ဝယ်ပြီးတော့ အရည်ကြိုပြီး ပြန်ရောင်းတာတော့ မဟုတ်လောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝယ်တဲ့သူတွေအကုန်လုံးက မှတ်ပုံတင်တခုနဲ့ပဲ တယောက်ကိုတခု ဝယ်လို့ရတာဆိုတော့လေ။ ဝယ်တဲ့သူတွေကလည်း များသောအားဖြင့် စုထားဖို့ ဝယ်တဲ့သူတွေပဲများတယ်။ ဝယ်ပြီးတော့ အပြင်မှာလာပြန်ရောင်းရင်လည်း မမြတ်ဘူးလေ။ သူတို့ရောင်း‌တဲ့ဈေးနဲ့ အပြင်ဈေးနဲ့က သိပ်မှမကွာတာ။ အဲ့ဒီတော့ ဝယ်ပြီးမှ‌ပြန်ရောင်းတာတို့၊ အရည်ကြိုတာတို့က မရှိလောက်ဘူး”လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဌာနအနေနဲ့‌ ရွှေဒင်္ဂါးပြားတွေ ‌ရောင်းချပေးနေတာဟာ ကိုယ်တိုင်အမှတ်တရအဖြစ် သိမ်းဆည်းထားဖို့နဲ့ အမှန်တကယ် အသုံးပြုလိုသူတွေကို ရောင်းချပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး မသမာတဲ့နည်းလမ်းနဲ့ အမြတ်ရှာဖို့ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

“ဒီ ရွှေဒင်္ဂါးကို အရည်ပြန်ကြိုခွင့်ရှိလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိဈေးတွေနဲ့ကတော့ ကိုက်မှာမဟုတ်ဘူး။ ရွှေဒင်္ဂါးဈေးက မြင့်တယ်လေ။ ၉၉ ဒသမ ၉၉ လောက်ရှိတာ။ ရိုးရိုးဟာတွေက နိမ့်တယ်။ ဈေးမြင့်တဲ့ဟာကို ဈေးနိမ့်တဲ့ဟာပြောင်းတာတော့ သိပ်မဖြစ်နိုင်ဘူး”လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် အခုဒင်္ဂါးပြားကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေလုပ်ငန်းရှင် ၇ ဦးရဲ့ ငွေသားသန်းချီထုတ်ယူတဲ့ ကိစ္စနဲ့ သက်ဆိုင်မှုမရှိဘူးလို့ အထက်ပါ ရွှေလုပ်ငန်းရှင်က ဆက်လက် ပြောဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်က လူမှုကွန်ရက်မှာ ပထမ တက်လာတဲ့သတင်းကတော့ ဘဏ်ငွေသွင်း၊ငွေထုတ် တပတ်အတွင်း ငွေသိန်း ၅ ထောင်ကျော်တဲ့ လူတွေရဲ့နာမည်တွေထွက်လာတယ်။ ဒီနေ့ ‌ထပ်ထွက်လာတဲ့သတင်းက ဒင်္ဂါးပြားကိစ္စ။ ကျွန်တော်ထင်တာကတော့ ဒီနှစ်ခုက ဆက်စပ်မှုမရှိပါဘူး။ ငွေအသွင်းအထုတ် များတဲ့သူတွေကို စုံစမ်းတာကလည်း ဟိုးအရင်ကတည်းက ရှိပြီးသားပါ။ ပြီးတော့ ဒီ ဒင်္ဂါးပြားကိစ္စက FATF ရဲ့ ငွေကြေးခဝါချမှုနဲ့လည်း မသက်ဆိုင်ပါဘူး”လို့ သူက ပြောပါတယ်။

ရွှေဒင်္ဂါးပြားတွေ ရောင်းချရာမှာ တကျပ်သား၊ ငါးမူးသား၊ တမတ်သား စသဖြင့် သတ်မှတ်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက်မျက် အရောင်းပြခန်းတွေကတဆင့် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက စလို့ ရောင်းချပေးနေတာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့ကတော့ တကျပ်သားကို ကျပ် ၂,၄၉၀,၀၀၀ နဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရွှေဒင်္ဂါးပြားဝယ်ယူခြင်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW