ပခုက္ကူမှာ ဆိုင်ကယ်၂ ယောက် မစီးရ အမိန့်ထုတ်ပြီးနောက် ပစ်ခတ်ခံရသူ ၃ ဦးနဲ့ ဖမ်းခံရသူ ၅၀ ကျော်ရှိ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း ၊ နိုဝင်ဘာ ၂၅ ရက်က ဆိုင်ကယ် ၂ ယောက်ပိုး မစီးရဆိုတာနဲ့ ဆိုင်ကယ် စီးနင်းသွားလာရမယ့် အချိန် သတ်မှတ် ကန့်သတ် အမိန့်ထုတ်ပြန်ပြီးနောက် မနေ့ နိုင်ဝင်ဘာ ၂၆ က ပစ်ခတ်တာနဲ့ ဖမ်းဆီးတာတွေ စတင်ပြုလုပ်လာတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်း ၆ နာရီလောက်က သာသနာ့ဗိမာန်ဘက်မှာ ရေခဲချောင်းရောင်းတဲ့ လူတဦး သတ်မှတ်ချိန် မဟုတ်ဘဲ ဆိုင်ကယ်စီးလာလို့ အပစ်ခံရတယ် ၊ အဲ့ဒီနောက် အမှတ် ၁၊ ရွှေချောင်းအဝိုင်းနားမှာ ၂ ယောက်ပိုးစီးလာတာတဲ့ အမျိုးသမီး ၂ ဦး ပစ်ခံရပြန်တယ် ၊ သူတို့ ၃ ယောက်စလုံး သေတယ်လို့ ကြားရပေမယ့် အခုချိန်ထိတော့ အတည်မပြုနိုင်သေးဘူး ၊ အဲ့ဒီအပြင် ဆိုင်ကယ်နဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့သူ ၅၀ ကျော်လောက်ရှိတယ် “လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ်တာ ၊ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဆိုင်ကယ်စီးနင်းခွင့်ဆိုင်ရာ ဒေသန္တရအမိန့်ကို ၂၅ ရက်နေ့က ထွေ/ပအုပ်က ထုတ်တယ် ၊ အဲ့ဒီ အမိန့်ဟာ မနေ့ မနက်ပိုင်းကစလို့ သက်ဝင်တယ် ၊ သတ်မှတ်စည်းကမ်းနဲ့ မကိုက်ညီတဲ့သူတွေကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက ရပ်တန့်ခိုင်းတဲ့အခါ မရပ်တန့်လို့ ပစ်ခတ် သတိပေးရတာနဲ့ ဆိုင်ကယ် စီးနင်းသူတွေ သတ်မှတ်စည်းကမ်း လိုက်နာလာဖို့ အသိပညာပေး လုပ်ဆောင်တာ ၊ ဟောပြောတာတွေရှိတယ် ” လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပခုက္ကူမြို့ပေါ်မှာ အကြမ်းဖက် လူသတ်တာ ၊ လုယက် ဓားပြတိုက်တာ နဲ့ လူပြန်ပေးဆွဲခံရတာတွေကြောင့် နိုင်ဝင်ဘာ ၂၅ ရက်နေ့က ဆိုင်ကယ် ၁ စီး ၊ လူ ၁ ယောက်ပဲစီးရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အမိန့်ကြေညာစာထဲမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရှိပြီး ၊ ညနေ ၆ နာရီကနေ နောက်တနေ့ မနက် ၈ အထိ ဆိုင်ကယ်စီးနင်းခွင့် မရှိစေရဘူးလို့ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW