မုံရွာမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိမှု လပေါင်း ၂၀ အတွင်း တစ်ရာကျော်ရှိ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြို့ပေါ်မှာရှိတဲ့ လူနေရပ်ကွက် ၃၁ ရပ်ကွက်ထဲမှာ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားရတဲ့ ပိုင်ရှင်မဲ့ လူသေ ရုပ်အလောင်း တစ်ရာကျော်ကို ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်အတွင်းမှာ မုံရွာမြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၁ မတ်လကနေ ဒီနှစ် နိုဝင်ဘာ ၂၇ အထိ ပိုင်ရှင်မဲ့ ရုပ်အလောင်း တစ်ရာကျော်ကို မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ် ၊ သေဆုံးသူတွေဟာ မိုင်းစထိမှန်ဒဏ်ရာ ၊ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၊ ဓားဒဏ်ရာကြောင့် ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေ အများစုပါဝင်တယ် ၊ အဲ့ဒီထဲမှာ အရိုးကျနေပြီဖြစ်တဲ့ ရုပ်အလောင်းလည်း ပါဝင်တယ် ” လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အ​ပြင် “ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ အထက ၂ ကျောင်းလမ်း ဆေးရုံကြီးနားမှာ ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ ကလေး ၃ ယောက်သေတယ် ၊ အဲ့ဒီနောက် တမာတန်း မီးပွိုင့်နားမှာ ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ လူငယ် ၂ ယောက်သေတယ် ၊ အဲ့ဒီနားမှာ အလားတူ ၂ ကြိမ်ဖြစ်တယ် ၊ မနှစ်က တန်းဆောင်တိုင်ညမှာ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းနဲ့ မြနန္ဒာလမ်းဆုံနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ လူငယ် ၂ ယောက်သေတယ် ၊ နောက်ပြီး လယ်ဇင်ကျေးရွာက ရွာလယ်ဇရပ်ပေါ်မှာ ဓားခုတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ တွေ့တယ် ၊ စက်မှုဇုန်ရပ်ကွက် ကံပြားလေး သုဿန်အဟောင်းနားမှာ မိုင်းပေါက်ကွဲပြီး ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်းတွေ့တယ် ၊ ကျောက္ကာလမ်း ဇောတိကရာမ ကျောင်းတိုက်နားက အမှိုက်ကန်နား ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ ၂ လောင်းတွေ့ရပြန်တယ် ၊ အဲ့ဒီ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ အပါအဝင် ပြီးခဲ့တဲ့နှစ် ၂၀၂၁ မတ်ကနေ ဒီဇင်ဘာအထိ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၇၀ ကျော် မြေမြုတ်သဂြိုလ်ပေးခဲ့ရတယ် “လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

မုံရွာမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ သဂြိုလ်ပေးရတဲ့အကြောင်းကို ဒေသခံ ပရဟိတသမား တယောက်ကလည်း” ဒီနှစ်ထဲမှာက မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ အထက ၂ ကျောင်းနားက စစ်ကိုင်းတိုင်း လူငယ့်ရေးရာ အသင်းရုံး အဆောက်အဦပေါ်က အရိုးကျနေပြီဖြစ်တဲ့ ပိုင်ရှင်မဲ့ အလောင်း တစ်လောင်း ၊ အောက်တိုဘာ ၃ ရက်က နန္ဒဝန်ရပ်ကွက် တိုင်းရုံးမြေနေရာ ​ပစ်ခတ်မှုဖြစ်စဥ်မှာ ပိုင်ရှင်မဲ့ ၃ လောင်း ၊ ဗိုလ်တေဇလမ်း မိဘမေတ္တာ လက်ဘက်ရည်ဆိုင်နား ပစ်သတ်ထား ပိုင်ရှင်မဲ့ ၃ လောင်း ၊ ကောရဗျရွာဝင်မှာ ပစ်သတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ ၃ လောင်း ၊ အလုံ ဘူတာနားမှာ ပိုင်ရှင်မဲ့ ၁ လောင်း ၊ ပြီးခဲ့တဲ့ရက်ပိုင်းက နန္ဒဝန်ရပ်ကွက်ထဲမှာ ဆိုင်ကယ်မှောက်ပြီး သေနတ် ၁ လက် တွေ့ရတယ်ဆိုတဲ့ ပိုင်ရှင်မဲ့ ၂ လောင်း ၊ အပါအဝင် ပိုင်ရှင်မဲ့ အလောင်း ၃၀ ကျော် သဂြိုလ်ပေးခဲ့ရတယ် ၊ တချို့လည်း သဂြိုလ်ပြီးမှ ပိုင်ရှင်ပေါ်တယ် ၊ တချို့လည်း ဆေးရုံအသုဘအနေနဲ့ သဂြိုလ်လိုက်ရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ခေတ်ကာလ အခြေအနေကြောင့် မုံရွာမြို့ပေါ်နဲ့ မြို့နယ်ထဲကို အနယ်နယ် အရပ်ရပ်က လူမျိုးပေါင်းစုံ ၊ ပုံသဏ္ဍန်ပေါင်းစုံနဲ့ ခိုကပ်နေထိုင်လာတာတွေရှိတယ် ၊ ပိုင်ရှင်မဲ့ သေဆုံးသူ ဖြစ်စဥ်အများစုဟာ ယာဥ် အက်စီးဒင့်ကြောင့် သေဆုံးတာတွေ ပါဝင်သလို ၊ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့်ပါတယ် ၊ အဲ့ဒီအပြင် ၉၆ ပါးနဲ့ လမ်းဘေး သေဆုံးတာတွေရှိတယ် ၊ ဖြစ်စဥ်အားလုံးကို သေမှုသေခင်းဖွင့် စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

မုံရွာမြို့မှာတွေ့ရတယ်ဆိုတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေကို သုခဟိတ ၊ ကရုဏာမြင့်မိုရ် ၊ ရုံးကြီးလူငယ် ၊ ရွှေဒေါန ၊ လယ်တီ ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (မုံရွာ) စတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကုသိုလ်ဖြစ် ဝိုင်းဝန်းသဂြိုလ်ပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ-ပိုင်ရှင်မဲ့ အလောင်းတွေ သဂြိုလ်ပေးနေပုံ
Photo- သုခဟိတ လူမှုကူညီရေးအသင်း (မုံရွာ)
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW