ရွှေအသင်းရဲ့ ရည်ညွှန်းဈေး ရွှေလုပ်ငန်းရှင်အချို့ စိတ်ဝင်စားမှု မရှိ

ဒီဇင်ဘာ ၃ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း ရွှေအသင်းက နေ့စဉ် ကြေညာပေးနေတဲ့ အခြေခံရည်ညွှန်းဈေးနှုန်းကို ရွှေလုပ်ငန်းရှင်အချို့အနေနဲ့ စိတ်ဝင်စားမှုမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာ ရွှေအသင်းအနေနဲ့ ကမ္ဘာ့ရွှေဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ရည်ညွှန်းဈေးတွေကို နေ့စဉ် သတ်မှတ်ကြေညာပေးနေတာ ဖြစ်ပါတယ်။

“အဲ့ဒီ့ ရည်ညွှန်းဈေးတွေဖွင့်နေတာကတော့ တော်တော်လေးကို ကြာသွားပါပြီ။ သူတို့ဘာသာသူတို့ ဖွင့်နေတာပါ။ ဘယ်သူမှလည်း စိတ်မဝင်စားဘူး။ ဘယ်သူမှလည်း ဒီရည်ညွှန်းဈေးကို ကြည့်တာလည်းမဟုတ်ဘူး။ ဒီရည်ညွှန်းဈေးကြီးက ဘယ်နေရာမှလည်း သုံးလို့မရဘူးလေ။ သူတို့ ဖွင့်ချင်သလိုဖွင့်နေတာက အလုပ်မှ လုပ်လို့မရတာ”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ရွှေအသင်းအနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ဈေးကွက်ဖွင့်ချိန်မှာ အခေါက်ရွှေ ၁ ကျပ်သား ရည်ညွှန်းဈေး ၂,၀၉၁,၀၀၀ ကျပ်လို့ သတ်မှတ်ခဲ့ပြီး အဲ့ဒီ့ သတ်မှတ်ဈေးဟာ အရင်လ တလလုံးနဲ့ နှိုင်းယှဉ်ရင် အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်း အဖွင့်ဈေးမှာတော့ အခေါက်‌ရွှေ ၁ ကျပ်သားကို ၂,၁၁၅,၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်း အနေနဲ့လည်း ဒီဇင်ဘာ ၁ ရက်နေ့ ဈေးကွက် ပေါက်ဈေးမှာ တအောင်စကို ၁၇၇၅ ဒေါ်လာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်မှာတော့ တအောင်စကို ၁၈၀၂ ဒေါ်လာ ဖြစ်နေတာကြောင့် တရက်အတွင်း ဒေါ်လာ ၃၀ နီးပါးခန့် ဈေးမြင့်တက်လာတာကိုတွေ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ တလလုံးနဲ့နှိုင်းယှဉ်ရင် အမြင့်ဆုံးကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

“ရည်ညွှန်းဈေးကြောင့် သူတို့ ပေ့ခ်ျရဲ့ ကောမန့်မှာ ဝင်ပြီးလှောင်ပြောင်ကြလို့ သူတို့ ကောမန့်တောင် ပိတ်ယူရတယ်လေ။ သဘာဝမှ မကျတာ။ သူ့တို့ဘာသာ ဖွင့်ချင်တာဖွင့် ဘယ်သူမှကိုဂရုမစိုက်တာ။ အခုရွှေဈေးကွက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မှောင်ခိုသဘောမျိုး ဖြစ်‌နေတာပေါ့။ အရင်တုန်းကတော့ ရန်ကုန်တိုင်းအသင်း ရုံးခန်းထဲမှာပဲ အရောင်းအဝယ် လုပ်ကြတာလေ။ အဖမ်းဆီးမရှိခင်၊ သတ်မှတ်ဈေး မရှိခင်တုန်းက။ ဈေးလည်း သတ်မှတ်လိုက်ရော ဘယ်သူမှ အဲ့ဒီ့ရုံးခန်းထဲမှာ အရောင်းအဝယ် မလုပ်ရဲတော့ဘူး။ အပြင်မှာပဲ ဖုန်းတွေနဲ့ ကြိုက်ရောင်းကြိုက်ဝယ် လုပ်နေကြရတာပေါ့” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်း ရွှေဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အေးနေပြီး အဝယ်အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ပြင်ပ ရွှေဈေးကွက်အတွင်းမှာတော့ လက်ရှိမှာ အခေါက်ရွှေ ၁ ကျပ်သားကို ‌၂,၆၇၅,၀၀၀ ပေါက်ဈေးရှိနေပြီး ရည်ညွှန်းဈေးကတော့ ၂,၁၂၂,၀၀၀ ဖြစ်တာကြောင့် ပြင်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၅ သိန်းခွဲကျော် ကွာဟနေပါ‌တယ်။

ငွေလဲနှုန်း အနေနဲ့ကတော့ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ရောင်းဈေး ၂၈၇၀ ၊ ဝယ်ဈေး ၂၈၅၀ ရှိပါတယ်။

Photo – YGEA
#voiceofmyanmar #VOM #ရွှေစျေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW