လှည်းကူး ဘားလားကျေးရွာနားမှာ သေဆုံးနေတဲ့နိုင်ငံသားအထောက်ထားမဲ့သူ ၁၃ ယောက်တွေ့ရှိ

ဒီဇင်ဘာ ၅-၂၀၂၂
GG (VOM)

လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု၊အမှတ် (၇) လမ်းမကြီးနဲ့ ငွေနံ့သာ​ကျေးရွာအကြား တပင်​ရွှေထီးလမ်းမ​ပေါ် မှာ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီလောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရဲ့သတင်းပေးချက်အရ တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးနေသူတွေဟာ အသက် ၁၅ နှစ်၊၁၆ နှစ်ဝန်းကျင် အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

“ဘားလားရွာဘက်မှာ အလောင်းတွေ ၁၃ လောင်းတွေ့တာဟုတ်တယ် ကြားပါတယ်။ ပြောကြတာတော့ အသက်ရှုကြပ်သေတာဖြစ်နိုင်တယ် ၊ဘာဒဏ်ရာမှမတွေ့ရဘူးတဲ့ “လို့ လှည်းကူးမြို့နယ် ဒေသခံပရဟိတသမားတဦးကပြောပါတယ် ။

သေဆုံးသူတွေရဲ့ ခန္ဒာကိုယ်မှာ ပြင်ပဒဏ်ရာမတွေ့ရှိတာကြောင့် သူတို့ဟာ အလုံပိတ်ကားနဲ့ရန်ကုန်ကိုလိုက်ပါလာရင်း အောက်ဆီဂျင်ပြတ်ကာ အသက်ရှုကြပ်သေဆုံးကုန်တာကြောင့် အလောင်းတွေစွန့်ပစ်ခံခဲ့ရတာဖြစ်နိုင်ကြောင်း၊ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သယ်ဆောင်သွားတယ်လို့
သိရပါတယ်။

နိုင်ငံသားအထောက်ထားမဲ့သူတွေကို တင်ဆောင်လာတဲ့ ကားကိုတော့ အခုချိန်ထိ မတွေ့ရှိသေးသလို၊ ယာဥ်မောင်းကိုလည်းဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်၊ ညောင်နှစ်ပင် ဇုန် (၁) အနီးက ၁၂ ဘီးကားထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၆၈ ဦးကို ဖမ်းဆီး ရရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #လှည်းကူး #အထောက်အထားမဲ့သူအလောင်းတွေတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW