ဒီဇင်ဘာ ၅-၂၀၂၂
GG (VOM)
ထိုင်းနိုင်ငံကို အလုပ်သမားပို့မယ့် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမားတွေ နေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းအလိုက်မှာ စာချုပ်ချုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုင်းကိုအလုပ်သွားလုပ်မယ့် အလုပ်သမားတွေအနေနဲ့ ငွေကုန် အချိန်ကုန်ခံပြီး မိမိနေထိုင်ရာ မြို့ကနေ ရန်ကုန်ကိုလာရောက်ဖို့မလိုအပ်တော့ဘူးလို့ သိရပါတယ်။
” ကိုယ့်နေတဲ့နေရာနဲ့ အနီးဆုံးမှာ စာချုပ်ချုပ်ရမယ်ဆိုတော့ ကောင်းတာပေါ့။ ရန်ကုန်သွားခ ကားခသက်သာမယ်၊ စားစရိတ်သက်မယ်၊နေစရိတ်ရောအကုန်သက်သာသွားပြီ။အိမ်ကလူတွေလည်း အကုန်လိုက်လေ့လာလို့ရတာပေါ့။ “လို့ ထိုင်းကိုသွားဖို့စောင့်နေသူတဦးက ပြောပါတယ်။
အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ပြည်နယ်နဲ့တိုင်းအလိုက်သတ်မှတ်လိုက်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်းမှာဆိုရင် မြောက်ဒဂုံက ခန်းမ၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက အလုပ်သမားတွေအတွက်က ဘားအံမြို့ ၊ပဲခူးတိုင်း အရှေ့ခြမ်းက ပဲခူးမြို့၊ပဲခူးအနောက်ခြမ်းက ပြည်မြို့၊ဧရာဝတီတိုင်းအတွက်က ပုသိမ်မြို့၊မန္တလေးနဲ့စစ်ကိုင်းတိုင်းအပါ ကချင်ပြည်နယ်အတွက်က မန္တလေး ၊ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွက်က ရှမ်းပြည်နယ်မှာပဲ စာချုပ်ချုပ်ရမှာဖြစ်ပြီး ရခိုင်နဲ့ ချင်းပြည်နယ်အတွက်က ချင်းပြည်မှာစာချုပ်ချုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
” ဒီညွှန်ကြားမှုက အခု ဒီဇင်ဘာလက စပါတယ်။အရင်ကတော့ စာချုပ်ချုပ်မယ်ဆိုရင် ဘယ်မြို့ဘယ်ရွာကနေနေ ရန်ကုန်ကိုပဲ လာချုပ်ရပါတယ်။စာချုပ်မချုပ်ခင် ရက်ကြိုပြီး လာရတယ်၊အခန်းငှားစောင့်ကြရတာပေါ့။ ရန်ကုန်မှာပဲချုပ်တာက အေဂျင်စီတွေအတွက်ကျ အဆင်ပြေတယ်၊အလုပ်သမားအတွက်ကျမပြေဘူးပေါ့။ အခုတော့ အလုပ်သမားတွေရန်ကုန်လာဖို့မလိုတော့ဘူးပေါ့။သူတို့နီးစပ်ရာသတ်မှတ်မြို့မှာ စာချုပ်ချုပ်လို့ရပြီ “လို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဝန်ထမ်းတဦးကပြောပါတယ်။
အလုပ်သမားစာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမား၊ အလုပ်သမားအရာရှိ၊ အေဂျင်စီတာဝန်ရှိသူတွေပါဝင်ရမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ စာချုပ်ကို ဓာတ်ပုံရိုက်ကာ သိမ်းထားဖို့လိုကြောင်း၊ အေဂျင်စီကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊အေဂျင်စီနာမည်ကို သိရှိဖို့လိုကြောင်း ဒါမှသာ ပြဿနာတစုံတခုဖြစ်တဲ့အခါ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။
“အလိမ်အညာမခံရအောင်နဲ့ပြသာနာတစ်ခုခုဖြစ်ရင်မေးမြန်းတိုင်ကြားလို့ရအောင် စာချုပ်ကို ဓါတ်ပုံရိုက်ထားပါ။ အေဂျင်စီနာမည်နဲ့ဖုန်းနံပါတ်တွေ သေသေချာချာရေးမှတ်ထားပါ။ နယ်ဘက်ရွာတွေကနေ သွားကြမယ့်အလုပ်သမားတွေက အေဂျင်စီနာမည်မသိတာများတယ်။ပွဲစားကိုပဲသိကြတော့ တခုခုဖြစ်လာတဲ့အခါ ကူညီဖြေရှင်းပေးဖို့ ခက်ပါတယ် “လို့ သူကပြောပါတယ်။
လက်ရှိပြည်တွင်းမှာက အလုပ်အကိုင်ရှားပါးတာကြောင့် လူငယ်အများစုဟာ မြန်မာနဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကို တရားဝင် အလုပ်သွားရောက်လုပ်ကိုင်နေကြသလို သွားရောက်ဖို့စောင့်ဆိုင်းနေကြသူတွေလည်းရှိပြီး တရားမဝင်နည်းလမ်းနဲ့သွားရောက်နေသူတွေလည်းရှိနေပါတယ်။
ထိုင်းနိုင်ငံကို တရားဝင်လိုင်စင်ရအေဂျင်စီတွေနဲ့သွားမယ်ဆိုရင်လည်း တယောက်ကို သိန်း၂၀ အနည်းဆုံးကုန်ကျမှုရှိပြီး တရားမဝင်နည်းနဲ့သွားရောက်သူတွေမှာလည်း လူခေါ်ပွဲစားတွေကြောင့် သိန်း၂၀ လောက်ကုန်ကျမှုရှိနေတယ်လို့လည်း သိရပါတယ်။
Photo – Top 1 Coltd
#voiceofmyanmar #VOM #ထိုင်းနိုင်ငံ #အလုပ်သမားအေဂျင်စီကဏ္ဍ