နိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်စနစ်နဲ့လျှောက်ထားမှု ခေတ္တ ရပ်ဆိုင်း

ဒီဇင်ဘာ ၅ – ၂၀၂၂
SN (VOM)

ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားရေး အွန်လိုင်းဘိုကင်စနစ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကာ ခေတ္တ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အွန်လိုင်းဘိုကင်စနစ်နဲ့ QR Code ယူပြီး ရက်ချိန်းရယူလျှောက်ထားခြင်းကို မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာ လျှောက်ထားနိုင်ဖို့အတွက် ပြင်ဆင်ရေးဆွဲနေတာကြောင့် အခုလို ရပ်ဆိုင်းလိုက်ခြင်းဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့အတွက် ရုံးကိုဝင်ခွင့်ရဖို့ ရက်ချိန်းယူတဲ့ QR code Online Booking စနစ်ဟာ လက်ရှိမှာ အဆင်‌မပြေမှုများစွာရှိနေပြီး ပွဲစားတွေရဲ့ တရားမဝင်ဈေးကွက်မှာ စျေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဆီက သိရပါတယ်။

“ဒီလောက်အသံတွေထွက်နေတာ QR စနစ်ကို ရပ်ဆိုင်းရုံမကဘူး ဝန်ထမ်းတွေပါ ချိန်းပစ်ရမှာ။ QR တစောင်ကို ၃/၄ သိန်းအထိပေါက်တယ်။ ဘယ်လောက်စောစောရောက်ရောက် ပွဲစားနဲ့ အပ်ထားတဲ့ လူကုန်မှ အထဲဝင်ရတာ။ ညနေ ၃ နာရီ၊ ၄ နာရီ လောက်မှ အထဲရောက်တာ။ ဘဏ်သွင်းမမီတော့ နောက်နေ့တခါ ထပ်လာရတာပေါ့။ တကယ်သာ စည်းစနစ်တကျလုပ်ရင် လူတွေလည်း ပင်ပန်းစရာမလိုဘူး”လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတဦးက ပြောပါတယ်။

QR Code ရက်ချိန်း ဘိုကင်တစောင်ဟာ လက်ရှိမှာ ကျပ် ၁ သိန်းခွဲကနေ ၁ သိန်း ၈ သောင်းအထိ ပေါက်ဈေးရှိနေပြီး ပွဲစားတွေကတဆင့် ပတ်စ်ပို့အမြန်ရရှိရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ နေရာမှာတော့ ကျပ် ၄ သိန်းခွဲကနေ ၅ သိန်းအထိ ပေါက်ဈေးဖြစ်နေတယ်လို့ သိရပါတယ်။

“QR code ဈေးက နည်းတာမှ မဟုတ်တာ။ ရပ်ဆိုင်းလိုက်တာပဲ‌ ကောင်းတယ်။ ပြည့်ပရောက်ရင် အခြေအနေက ဘယ်လိုမှန်းမသိသေးဘူး။ မြန်မာပြည်ကထွက်ဖို့တောင် ကိုယ့်လူအချင်းချင်း ခေါင်းပုံဖြတ်တာအရင်ခံနေရတဲ့ မြန်မာတွေဘဝ။ QR ဆိုတာ အကျင့်ပျက် ချစားတဲ့သူတွေ အတွက် ဂွင် (ခွင်) တခုလိုဖြစ်နေတာ။ ဘယ်လိုစနစ် ထပ်ပြောင်းဦးမလဲ မသိပေမယ့် ပွဲစားတွေရဲ့ မှောင်ခိုဈေးကွက်ရှိနေသရွေ့ကတော့ ကိုယ်တိုင်လုပ်‌ရမယ့်လူတွေအတွက်ကတော့ ခက်ခဲနေဦးမှာပဲ”လို့ နောက်ထပ် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတဦးက ပြောပါတယ်။

အရင်က အွန်လိုင်းရက်ချိန်းယူတဲ့ Online Booking စနစ်ကို မနက် ၉ နာရီ ရုံးဖွင့်ချိန်ကစလို့ ရုံးဝက်ဘ်ဆိုက်ကနေတဆင့် ကာယကံရှင်ကိုယ်တိုင် ရယူနိုင်ခဲ့ပေမယ့် တဆင့်ခံဆောင်ရွက်ပေးတဲ့ ပွဲစားလောကမှာ စျေးနှုန်းတွေ မြင့်တက်လာချိန်မှာတော့ ရက်ချိန်းဝင်ယူဖို့ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။

လက်ရှိ အွန်လိုင်းဘိုကင်စနစ်ကို ရပ်ဆိုင်းထားပေမယ့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ပိတ်ရက်မရှိ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်တဲ့အပြင် စနစ်ဟောင်းမှာ QR Code နဲ့ ရက်ချိန်းရယူထားပြီးသူတွေ အနေနဲ့လည်း ရက်ချိန်းရရှိထားတဲ့ နေ့ရက်တွေအတိုင်း ဆက်လက် အသုံးပြုနိုင်တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အသိပေးထားပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်) မှာ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် အွန်လိုင်းဘိုကင်စနစ်နဲ့ QR Code ရယူပြီး လျှောက်ထားခြင်းကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှစတင်ကာ အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ နေ့စဉ် လူပေါင်း ၂၅၀၀ ကျော် လာရောက် လျှောက်ထားနေကြတယ်လို့ သိိရပါတယ်။

Photo-Passport Service Myanmar
#voiceofmyanmar #VOM #နိုင်ငံကူးလက်မှတ် #အွန်လိုင်းစနစ်ခေတ္တရပ်နား

Related posts

Leave a Comment

VOM News

FREE
VIEW