ပခုက္ကူက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းရဲ့ နေအိမ် အဆောက်အဦ တတိယအကြိမ် ချိပ်ပိတ်ခံရ

ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူ မဲဆန္ဒနယ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇင်နီနီဝင်း နဲ့ပတ်သက်ပြီး ပခုက္ကူမြို့နယ်ထဲက အဆောက်အဦ တခုကို မနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက တတိယအကြိမ်မြောက် ထပ်မံ ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ဒေါ်ဇင်နီနီဝင်းရဲ့ အဆောက်ဦးတွေ ချိပ်ပိတ် သိမ်းဆည်းခံရတာ ၊ အခုအကြိမ်ရောဆိုရင် ၃ ကြိမ်ရှိပြီ “လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

မနေ့ ညနေ ၅ နာရီဝန်းကျင်က ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ဟာ ပခုက္ကူမြို့နယ် ၊ အရှေ့ချောက်ကန်ကျေးရွာမှာရှိတဲ့ ဒေါ်ဇင်နီနီဝင်း ရဲ့ အဆောက်အဦ တစ်လုံးနဲ့ ဦးသိန်းဇော် ရဲ့ အဆောက်အဦ တစ်လုံးကို နိုင်ငံပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက်မှာနေတဲ့ ဦးမြိုးမင်းမောင်ရဲ့ အဆောက်အဦကိုလည်း ချိပ်ပိတ်သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

” ဒေါ်ဇင်နီနီဝင်းနဲ့ပတ်သက်ပြီး ချိပ်ပိတ်သိမ်းဆည်းခံရတာ ၃ ကြိမ်ရှိတယ် ၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၅ ရက်က ပခုက္ကူမြို့ အမှတ် ၄ ရပ်ကွက် ၊ နေသူရိန်လမ်းက အဆောက်အဦ တလုံး ၊ ဒီနှစ် နိုဝင်ဘာ ၁၁ ရက်က အဲ့ဒီ နေသူရိန်လမ်းက အဆောက်အဦ ၁ လုံး နဲ့ ဂိုဒေါင် ၁ လုံး ချိပ်ပိတ်သိမ်းဆည်းခံရတယ် ၊ အဲ့ဒီနောက် တစ်လပြည့်တဲ့နေ့ မနေ့က အရှေ့ချောက်ကန်ရွာမှာရှိတဲ့ အဆောက်အဦကို တတိယအကြိမ်မြောက် ထပ်မံ ချိပ်ပိတ်သိမ်းဆည်းခံရတာ ဖြစ်တယ် ” လို့ ပခုက္ကူ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ နိုဝင်ဘာ ၁၅ ရက်ကလည်း ပခုက္ကူုမြို့၊ အမှတ် (၄) ရပ်ကွက်၊ နေသူရိန်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇင်နီနီဝင်းနေအိမ်၊ အဲ့ဒီအပြင် အမှတ် ၈ ရပ်ကွက်မှာနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြို့နယ် NLDပါတီဥက္ကဋ္ဌ ဦးပိုက်ကိုရဲ့ နေအိမ် အဆောက်အဦ နဲ့ အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသက်ကြူရဲ့ နေအိမ်အဆောက်အဦတွေ ချိပ်ပိတ်သိမ်းဆည်းခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူ၊ ပေါက်၊ မြိုင် ၊ ရေစကြိုနဲ့ ပခုက္ကူ စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်းမှာ နိုင်ငံတော်ပိုင် ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ အဆောက်အဦပေါင်း ၅၀ ထက်မနည်းရှိခဲ့ပြီး သိမ်းဆည်းခံရတဲ့သူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဆရာဝန်တွေ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အပါအဝင် ကားသမားတချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo – ၂၀၂၁ နိုဝင်ဘာက သိမ်းဆည်းခဲ့တဲ့ အဆောက်အဦတွေပုံ
#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW