ပခုက္ကူခရိုင်ထဲမှာ လူ၂၀၀ ကျော် ဖမ်းခံရ၊ အသတ်ခံရတဲ့ကိစ္စကြောင့် လူငယ်တွေ ရေကြည်ရာမြက်နုရာ ရှာဖွေနေ

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင်မှာရှိတဲ့ မြို့နယ် ၄ ခုမှာ အခုရက်ပိုင်းအတွင်း ခရိုင်လုံခြုံရေး အဖွဲ့က ဖမ်းဆီး စစ်ဆေးတာတွေ များလာတာကြောင့် လူငယ်အများစုဟာ နေရပ်စွန့်ခွာပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေရှိရာ အရပ်ကို သွားရောက်လုပ်ကိုင်သူ များလာတယ်လို့ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မနေ့က ရေစကြိုမြို့နယ် စစ်ဆေးရေးဂိတ်မှာ လူငယ် ၃ ဦး အဖမ်းခံရတယ် ၊ အဖမ်းခံရတဲ့ သူတွေကတော့ ကိုအောင်ဇော် ၊ ကိုကျော်ဇင်ထက် နဲ့ ကိုမင်းမင်းသန့်ဆိုသူတွေဖြစ်တယ် ၊ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလက မြိုင်မြို့နယ် ၊ ကန်နီကျေးရွာက နေအိမ်ဖျက်ဆီးခံရတဲ့ ကိုမြင့်နိုင် ဆိုသူလည်း အဖမ်းခံရတယ် ၊ ၁၆ ရက် မနက်ပိုင်းကလည်း ပခုက္ကူ အမှတ် ၁၅ ရပ်ကွက်ထဲမှာ လူငယ် ၆ ဦး ဖမ်းခံရတယ် ၊ အဖမ်းခံရတဲ့သူတွေကတော့ ကိုကျော့ကျော့ဝင်း ၊ ကိုကောင်းခန့်ဆွေ ၊ ကိုကျော်ကျော်မြတ် (ခေါ်)အောင်ကျော် ၊ ကိုကောင်းမြတ်ထက် ၊ ကိုဖြိုးမင်းသူ နဲ့ ကိုစိုင်းစည်သူအောင် တို့ဖြစ်တယ် ၊ ပခုက္ကူမြို့ပေါ်မှာလည်း အခုရက်ပိုင်းအတွင်း ဖမ်းဆီး စစ်ဆေးခံနေရတဲ့သူတွေများလာတယ် ၊ လတ်တလော ဖမ်းခံရသူ ၂၀ ကျော်လောက်ရှိတယ် ၊ ရွာတွေက လူငယ်အများစုဟာ နိုင်ငံရေး ပြောင်းလဲဖြစ်စဥ်တွေမှာ ကြားညှပ်မှာကိုကြောက်တော့ နေရပ်စွန့်ခွားပြီး တတ်နိုင်သူတွေက ပြည်ပ အလုပ်သွားလုပ်တယ် ၊ မတတ်နိုင်တဲ့သူတွေက ရွှေတွင်းနဲ့ ကျောက်တွင်းဘက် အလုပ်သွား လုပ်ကြတာ”လို့ ပခုက္ကူမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ပခုက္ကူမြို့ခံ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင် တယောက်က ” ပခုက္ကူမြို့ပေါ်နဲ့ ခရိုင်ထဲက မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း ဖမ်းဆီး စစ်ဆေးတာတွေများလာတယ် ၊ အဲ့ဒါကြောင့် လူငယ်အများစုဟာ ခန္တီးကျောက်စိမ်းမှော် ၊ ဖားကန့် ကျောက်စိမ်း လုပ်ကွက်တွေအပြင် ဟုမ္မလင်းဘက်က ရွှေလုပ်ငန်းတွေဆီကို နေ့စဥ် လူငယ် ရာနဲ့ချီပြီး သွားနေကြတယ် ၊ အဲ့ဒီအပြင် ပြည်ပ အလုပ်အကိုင်ရဖို့အတွက် ရန်ကုန်မှာ သင်တန်းတက်တာ ၊ နိုင်ငံကူး လက်မှတ် သွားရောက် လျှောက်ထားတာတွေလည်း များလာတယ်”လို့ ပြောပါတယ်။

အခုလ ၁ ရက်နေ့ကနေ စပြီး ပခုက္ကူမြို့နဲ့ ဆက်သွယ်သွားလာနေတဲ့ ခရီးသွားလုပ်ငန်းတွေမှာ အဝင် ခရီးသည် မရှိသလောက် နည်းပါးနေပြီး ပခုက္ကူ ၊ ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြို ဘက်တွေကနေ နေ့စဥ် လူငယ်အများစု ရာနဲ့ချီပြီး နေရပ်စွန့်ခွာ ခရီးသွားလာနေကြတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ပခုက္ကူခရိုင်မှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလ အတွင်း လူငယ် နှစ်ရာ ဝန်းကျင်ခန့်ဟာ ဖမ်းဆီးခံရတာ ၊ သတ်ဖြတ်ခံရတာနဲ့ ပျောက်ဆုံးနေတာတွေကြောင့် ၊ အခုလို နေရပ်စွန့်ခွာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေနေကြတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပခုက္ကူတင်မက မကွေး၊ စစ်ကိုင်းတိုင်းအပါအဝင် နယ်မြေမတည်ငြိမ်တဲ့ ဒေသတွေက လူငယ်တွေဟာ နိုင်ငံခြားတိုင်းပြည်နဲ့ တခြားအလုပ်အကိုင်ရှိတဲ့နေရာတွေကို သွားရောက်လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW