မုံရွာမြို့ပေါ်က ပြင်ပရွှေအဝယ်ဆိုင်ကို သေနတ်နဲ့ ပစ်ခတ်ပြီး ဓားပြတိုက်၊ ရွှေဆိုင်ပိုင်ရှင် ဒဏ်ရာရ

ဒီဇင်ဘာ၂၀ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်မင်္ဂလာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ဟောင်ကောင် ဖုန်းအရောင်းဆိုင်နားက ပြင်ပရွှေအဝယ်ဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတဲပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့ မိတ်ဆက်စျေးက စျေးသည်တွေဆီက သိရပါတယ်။

” အလုခံရတဲ့ရွှေဆိုင်က ပြင်ပရွှေတွေကို နဝလီ ဝယ်ယူနေတဲ့ ” ရွှေမုံရွာ “ရွှေဆိုင်ဖြစ်တယ် ၊ ဝင်လုတဲ့သူက လူငယ် ၃ ယောက်ဖြစ်တယ် ၊ သေနတ်နဲ့ ပစ်ပြီး ဝင်လုတာကြောင့် ရွှေဆိုင်ပိုင်ရှင် ဒဏ်ရာရသွားတယ် “လို့ မိတ်ဆက်စျေးက စျေးသည်တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ကဖြစ်တာပါ ၊ ရွှေမုံရွာ ပြင်ပရွှေ အဝယ်ဆိုင်ကို လူ ၃ ယောက်က သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ပြီး ရွှေဆိုင်ပိုင်ရှင် ဦးကျော်မင်းဇော် ပိုင်ဆိုင်တဲ့ ဆိုင်ရှေ့ရပ်ထားတဲ့ KLUGER အမျိုးအစား အဖြူရောင် ယာဉ်အမှတ် MGY 3M-7400 ကား ၁ စီးနဲ့ ရွှေထည်တချို့ ပါသွားတယ် ၊ ပါသွားတဲ့ ရွှေထည်တွေနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်တယ် ၊ ကနဦး သိရတာက ၅ သိန်းတန် လက်စွပ် ၁ ကွင်းလို့လည်း သိရတယ် ၊ အတည်မဖြစ်သေးဘူး”လို့ ပြောပါတယ်။

မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား တယောက်က ” ရွှေဆိုင်ထဲကို လူ ၃ ယောက်က သေနတ်နဲ့ပစ်ပြီး ဝင်ရောက်လာတာကြောင့် ဆိုင်ထဲမှာ ထိုင်နေတဲ့ ရွှေဆိုင်ပိုင်ရှင် လင်မယား ၂ ယောက်ထဲက ဦးကျော်မင်းဇော် ရဲ့တင်ပါး ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ ယာခြေသလုံး ကျည်ဆံဖောက်ဝင်ဒဏ်ရာ ၂ ချက် ၊ ဝဲဘက်ခြေသလုံး ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၁ ချက် ရတယ် ၊ မုံရွာဆေးရုံကြီး အရေးပေါ်လူနာဌာနဆီ ပို့ဆောင်ပေးထားတယ်”လို့ ပြောပါတယ်။

ရွှေဆိုင်လုယက်ခံရပြီးနောက် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီး မြို့ဝင်မြို့ထွက်နေရာတွေမှာ စစ်ဆေးတာတွေ တင်းကြပ်စွာ လုပ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက မန္တလေးတိုင်း ၊ မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မောသစ် ရွှေဆိုင်လည်း ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကလည်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာရှိတဲ့ စင်ကြယ် ရွှေဆိုင်မှာလည်း ဓားပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW