နှင်းဆွတ် အေးရိပ်

ဆူးငှက်

“”ရွက်ဝေမြညို ခါကိုညှိလင်
ပင်တိုင်းတင့်၍ နှင်းနှင့်မြူငွေ့၊
လပြည့်နေ့ဝယ်
ပြိုင်ရှိဖြူသျှ
မကာရဟု ဆောင်းလရာသီ
အညီပေါ်မြန်း ကြိုင်ပျံ့မွှန်းသည်
နွယ်ပန်းပွင့်လို လပြာသိုကား
မိန်ညိုချပ်ဝတ် လျှောက်ပတ်ဆောင်ယောင်
မှူးခေါင်မတ်များ မင်းသားမင်းပြေး ဆုန်းရေးမှတ်လျက် . . .”” ဆီသည်ရွာစား မောင်အောင်ကြီး၏ အင်းဝမြို့ဘွဲ့ ၁၂ လရာသီ လူးတားကို သတိရချိန်၌ . . .ပြာသိုက
လကုန်လုချပြီ။ ““နှင်းနှင့်မူငွေ့”” တဲ့ . . .။

တံတားဦးလေဆိပ် စစ်ကိုင်းလမ်းခွဲသည် ဒုဋ္ဌဝတီ ကွန်ကရိတံတားကြီးကိုကျာ်ပြီး ညာဘက်ခြမ်း ကတ္တရာလမ်းအတိုင်း ဆင်းလာတော့ ““နှင်းနှင့်မြူငွေ့”” ကို
မျက်ဝါးထင်ထင် မြင်လိုက်ရတော့၏။ ပဲမြစ်ပင်တွေကြား မှောင်း၏ အန္တိမခရီး နှင်းသီးတွေ တွဲရရွဲခို . . .။ ယာကန်သင်းရိုးဆီမှာက မြူငွေ့ . . .။
နံနက်စောစော . . . မပွင့်တပွင့်၊ နေက ““နှင်းနှင့်မြူငွေ့””အား ““ကန့်လန့်ကာ ခပ်ပါးပါး””ဆီးပေးပြန်၏။ ဘယ်ဘက်မှာက ယာခင်း အစပ်သည် ပန်းဆေးချောင်းဆီ သဲဖြူခင်း၏။ ရှေ့မှာက တံတားဦးမြို့ရှိသည်။ ကျောမှာက ဒုဋ္ဌဝတီမြစ်နှင့် ပန်းဆေးချောင်းအကြား သန်လျက် ခုံပေါ်မှာ ဘလဲဘရွာရှိသည်။ အုတ်ကြွပ်ဖိုရွာရှိသည်။ ညာဘက်မှာက အင်းဝမြို့တော်ဟောင်း . . .။ ဘယ်ဘက်ကို ထပ်ပြီး ခရီးနှင်လျှင်တော့ ပန်းယျတို့ .. .။ စကားအင်း . . . တို့ ရှိသေးတာပေါ့ . . .။ သို့သော် မိမိဦးတည်တာက တူရူအရပ် တံတားဦးဆီ . . .။ သို့သော် ခရီးမဆုံးသေး။ တံတားဦးကို ဖြတ်ပြီး အနောက်တောင်ဆီ ခရီးဆက်ရဦးမှာပ . . .။

တံတားဦး၏ အမှတ်အသားကား ကြီးမားအုံ့ဆိုင်း မန်ကျည်းပင်ကြီးများပင် ဖြစ်၏။ မန်ကျည်းရိပ်က တစ်မြို့လုံးကို နေပြောက် မထိုးနိုင်အောင် အုပ်မိုးထားသလို . . .။ မြို့ထဲမှာလည်း မန်ကျည်းရိပ် . . .။ မြို့ကအထွက် မြို့သာလမ်းတစ်လျှောက်မှာလည်း မန်ကျည်းရိပ်။ ယခင်ကတော့ တံတားဦးမြို့သာလမ်းက အဆိုးတကာ့ အဆိုးဆုံးဟု ပြောစမှတ် ရှိခဲ့ကြ၏။ အခုတော့ မဆိုး။ အတော်အသင့် ကောင်းမွန်သော လမ်းဖြစ်နေပြီ။ ဒီထက်ကောင်း . . .ဒီထက် ဥဒဟို သွားလာနိုင်သော လမ်းဖြစ်ဖို့ လိုသေးသည်။ ဖြစ်ရမှာပေါ့။

တံတားဦးက အနောက်နှစ်မိုင်မှာ သင်းဝန်းရွာကလေးများ ပုံစံအတိုင်း ငြိမ်သက်တိတ်ဆိတ်အးချမ်း . . .။ ရွာထိပ်က ကုန်စုံဆိုင်လေးမှာလည်း . . .ရွာလေးတွေမှာ တွေ့ရသည့်ပုံစံအတိုင်း ““မြန်မာဘီယာ”” ပိုစတာက နေရာယူလို့ . . .။ သည်ရာသီမှာက တံတားဦးမှာ “ပဲမြစ်”ပေါ်သည်။ မန်ကျည်းတောပဲမြစ်က တံတားဦးနယ်မှ ထွက်ပြီး အညာကြိုက် အစားအစာတစ်မျိုးဖြစ်၏။ နှင်းတွေအိနေအောင် ကျသည့် အခုလို ဆောင်းရာသီမှာ
ထင်းမီးဖိုဘေး စောင်ခြုံထိုင်ရင်း မန်ကျည်းတောပဲမြစ်ကို နှမ်းဆီစစ်စစ်လေးနှင့် “တို့”ကာ စားရသည့်အရသာက မမေ့နိုင်စရာ။ ဒီရာသီမှာ တံတားဦးနယ်၏ ယာမြေမှန်သမျှ ပဲမြစ် စိုက်ပျိုးကြသည်။ နတ်တော်၊ပြာသို၊ တပို့တွဲ . . . လကုန်အထိ . . .။

ပဲမြစ် တစ်တင်းစိုက်က တစ်ခါဖော်လျှင် တင်းသုံးလေးဆယ် ထွက်သတဲ့ . . .။ ပဲမြစ်တစ်ရာသီဆိုလျှင် ပဲမြစ်ဒိုင်တစ်ဒိုင်မှာ ပဲမြစ်ပိဿာချိန် သုံးသိန်း၊ လေးသိန်း အနည်းဆုံး အရောင်းအဝယ်ဖြစ်သတဲ့ .
.။ ထို့ကြောင့် တစ်နယ်လုံး ပဲမြစ်အထွက်က တစ်ရာသီမှာ ပိဿာချိန် သိန်းငါးဆယ်အောက်လျာ့မှာ မဟုတ်။

ဆောင်းနေ၏ မွန်းအတိမ်း နေခြည်နုနုမှာ ပဲမြစ်လှည်းတွေ အစီအရီ ထွက်လာကြပြီ။ ပဲမြစ်ဒိုင်မှာ
လက်လီဈေးသည်လေးတွေလည်း ချိန်ခွင်ကိုယ်စီဖြင့် အစီအရီ ရောက်လာကြပြီ။ ဒိုင်စာရေးက လယ်ဂျာစာအုပ်ဖွင့်ပြီး ရက်စွဲရေးလိုက်၏။
၁၃၈၄ ခု၊ ပြာသိုလဆန်း ၁၃ ရက် . . .။ ဖုန်တထောင်းထောင်းနှင့် ပဲမြစ်လှည်းတွေ ဖြတ်ပြီး အနောက်တောင် ယွန်းယွန်းဆီ ခရီးဆက်ပြန်တော့ တစ်မိုင်နီးနီးအကွာမှာ လမ်း ၏ ဘယ်ဘက်၌ လမ်းညွှန်ဆိုင်းဘုတ်လေးတစ်ခု တွေ့ရသည်။ ““တောရကျောင်းသို့”” တဲ့။ ကျောက်ခင်းလမ်းမှ ဖဲ့ဆင်းပြီး လမ်းညွှန်ဆိုင်း ဘုတ်လေးအတိုင်း ရှားစောင်းပင်ရိုးကြီးတွေ တစ်ဖက်တစ်ချက်မှ အုပ်မိုးနေသော မြေလမ်းလေးအတိုင်း လိုက်သွားသောအခါ လမ်းကလေးသည် တံတားဦး ပုဂံမီးရထားလမ်းအပေါ် မော့တက်သွားလိမ့်မည်။ မီးရထားလမ်းအကျော်မှာတော့ ရိုးရှင်း သပ်ရပ် လှပသော အဆောက်အအုံလးတွေ အကွက်ကျစွာဖြင့် သစ်ကြီးဝါးကြီးများ အုပ်ဆိုင်းနေသော ““တောရကျောင်း၏”” ပရဝုဏ်အား ဘွားခနဲ တွေ့လိုက်ရတော့၏။ ကျီးငှက်၊ တင်ကျီး၊ ခါ၊ ရစ်၊တောကြက် စသော ငှက်မျိုးစုံက တောရကျောင်း၏ မန်ကျည်းပင်ကြီးတွေအောက်မှာ . . .။ သန့်ရှင်းပြန့်ပြူး တောရကျောင်းမပြင်မှာ . . .။ သပ်ရပ်ဖြောင့်ဖြူး တောရကျောင်းလမ်းပေါ်မှာ . . .။ ဘာသာဘာ၀ လွတ်လပ်ငြိမ်းချမ်းမှုအပြည့်နှင့် ဆော့ကစားနေကြပြန် ပါ့။

““နေပူ . . .။လေပူ . . .။ငွေပူ . . .။ရေပူ . . .။ ရင်ပူလှိုက်မောလှစွာသော မြို့ပြဝဲသြဃမှ ခဏတာ ထွက်ခွာလာပေမင့် . . . မြို့ ပတ်လမ်း၊ ကွန်ကရစ်တံတား . . .၊ စီမံကိန်းနယ်မြေ . . .။ အလှည့်ကျ မီးပေးစနစ်၊ မြို့ဝင်ကြေး . . .၊ ဒုတိယပတ် ဆေးတိုက်ကျွေးမှု အစီအစဉ် . . .၊ ရန်ပုံငွေပြက္ခဒိန်၊ တစ်လုံးပါဆယ်ချောင်း၊ ဘက်စုံပြုပြင် အလှူခံ၊ တစ်ပိဿာမှ ငါးကျပ်အမြတ်၊ ဒီနှစ်အထွက်လျာ့ . . .၊ နေ့တွက်စရိတ် စသော အသံဗလံတွေက လှည်းလမ်းမှ မန်ကျည်းရိပ်အထိ ကပ်ညိပါလာသောအခါ “မ”ထားရသော ပင့်သက်သည် စိတ်ချလက်ချ မချနိုင်သေး. . .။

ဟော . . . အခု . . . မီးရထားလမ်းအကျော် . . . သစ်ကြီးဝါးကြီးအောက်၌ကျးငှက်သာရကာတို့
ငြိမ်းအေးပျော်ရွှင် နားခိုကြသည့် ““သူငယ်တော် တောရကျောင်း”” သဘာဝပတ်ဝန်းကျင်သည်ကားခြေချသည့် တစ်ခဏ၌ပင် စိတ်လက်လန်းဆန်း ငြိမ်းချမ်းမှုရသက ရုတ်ခြည်း ပေးနိုင်စွမ်းလေသည်တကား . . .။

အဟောသုခံ . . . ကောင်းလေစွ . . .။ နှင်းဆွတ်အေးရိပ်ရယ်လေ…။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW