မန္တလေး လွတ်လပ်ရေးကျောက်တိုင်

ဆူးငှက်

၁၂၄၇ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့၊ မန္တလေး နေပြည်တော်မှ သီပေါဘုရင် ပါတော်မူပြီး ၆၂နှစ်ပြည့်မြောက်တဲ့နှစ်မှာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံတော်အဖြစ် ကြေညာနိုင်ခြင်းဖြစ်ပါတယ်။

ပထမဆုံး လွတ်လပ်ရေးနေ့မှာ မြန်မာတို့ရဲ့ သက်ဦးဆံပိုင် နောက်ဆုံးဘုရင် ပါတော်မူခဲ့ရာ မန္တလေးမှာ
လွတ်လပ်ရေးနေ့အတွက် လွတ်လပ်ရေး စာတမ်းကြေညာခြင်း၊ လွတ်လပ်ရေးအဓိဋ္ဌာန် (၉)ချက်
ဖတ်ကြားခြင်း၊ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်အတွက် ပန္နက်ချခြင်းများနှင့်အတူ နန်းတော်တောင်ဥယျာဉ်တော်အတွင်း အင်္ဂလိပ်တို့ စိုက်ထူထားခဲ့တဲ့ သီပေါမင်း အညံ့ခံ လက်နက်ချ ပါတော်မူ ကျောက်တိုက်ကိုပါ ထိုစဉ်က မန္တလေးမြူနီစီပယ် ဥက္ကဋ္ဌ ဗိုလ်စောမောင်က အမြစ်အရင်းက တူးဖြို ဖျက်ဆီးပစ်ခဲ့ပါတယ်။

မန္တလေးမြို့က စာရေးဆရာများ အနုပညာရှင်များကလည်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားအတွက် ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်မှာ စုဝေးပြီး ကြိုတင်ပြင်ဆင်ကြတယ်။ ဒီ့နောက် မန္တလေးမြို့က ဂီတစာဆိုကြီး (၈)ဦးတို့က တစ်ယောက် တစ်ပိုဒ်စီ ပူးပေါင်းပြီး “လွတ်လပ်တဲ့ မြန်မာပြည်”ဆိုတဲ့ သီချင်းကို စုပေါင်းရေးစပ်ခဲ့ကြတယ်။ ပညာရှင်(၈)ဦးမှာ ဆရာထာ၊ ဆရာခင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတာဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင် တို့ဖြစ်ကြပြီး ဒီသီချင်းကို တေးသွားသံစဉ်နှင့် ဂီတသင်္ကေတ နူတ်(စ်)တွေကမြို့မငြိမ်းက ရေးပေးကာ မြို့မတူရိယာအဖွဲ့ တီးမှုတ်ခဲ့တာပါပဲ။

လွတ်လပ်ရေးအကြိုည (၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ည)မှာ မန္တလေး လက်ဆည်ကန်ရပ်က ဝင်းလိုက်ရုပ်ရှင်ရုံရှေ့မှာ မြို့မအဖွဲ့က မြို့လူထုကို “အောင်သံမြေမိုး”အစချီ “လွတ်လပ်တဲ့ မြန်မာပြည်”သီချင်းကို စတင် သီဆို တီးမှုတ်ဖျော်ဖြေတယ်။ နောက်ရက် လွတ်လပ်ရေး အခမ်းအနားကျင်းပတဲ့ နန်းတွင်းမှာလည်း ဒီသီချင်းကို သီဆို တီးမှုတ်ခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ ပထမဆုံး လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားက စည်ကားလှသလို လွတ်လပ်ရေးကျောက်တိုင် ခံ့ညားစွာ စိုက်ထူရေးကိုလည်း မြို့လူထုက ဆုံးဖြတ် စီစဉ်ခဲ့တာကို အခမ်းအနားအစီအစဉ်မှာ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်အတွက် ပန္နက်ချခြင်း ဆိုတဲ့ အစီအစဉ်ပါခြင်းက သက်သေပြနေပါတယ်။ ဒါပေမယ့် မန္တလေးမှာ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူရေး အစီအစဉ်ဟာ တော်တော်နဲ့ အကောင်အထည် မပေါ်ခဲ့ပါဘူး။

မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတော့ လွတ်လပ်ရေးကျောက်တိုင်ကို မဟာဗန္ဓုလပန်းခြံ (ယခင် ဝိတိုရိယဘုရင်မ ပန်းခြံ)မှာ စိုက်ထူဖို့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာပဲ ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးတယ်။ ၁၉၅၀ ခုနှစ် ဝင်ဘာ ၂၆ ရက်နေ့မှာ သမ္မတကြီး စစ်ရွှေသိုက်က လွတ်လပ်ရေးကျောက်တိုင်ကို ဖွင့်လှစ်ပေးခဲ့တယ်။ လွတ်လပ်တဲ့ ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ် ကမ္ဘာသိ ကြေညာနိုင်ခဲ့တာနဲ့အတူ နှစ်ပေါင်း ၁၀၀ကျော် ၊ မြန်မာ့မြေပေါ်မှာ အပိုင်စီး လွှင့်ထူခဲ့တဲ့ ဗြိတိသျှ အင်ပါယာယူနီယံဂျက် အလံကိုလျှောချပြီး အလယ်ခေါင်ရှိ ကြယ်ကြီးကို ကြယ်ငါးလုံးရံတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို ဂုဏ်ယူ ဝံ့ကြွားစွာ လွှင့်ထူ၊ အလေးပြုနိုင်ခဲ့တာပါပဲ။

ကြယ်ငါးလုံးဟာ ပြည်ထောင်စုရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ အလယ်ခေါင်ရှိ ကြယ်ကြီးက နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာပါ။ တိုင်းရင်းသားများနှင့် စုစည်းဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကြီးပေါ့။ အလယ်ခေါင်ကြယ်ကြီးကို ကြယ်ငါးလုံးရံထားတဲ့ အထိမ်းအမှတ်ဟာ ပြည်ထောင်စုရဲ့ အမှတ်အသားအဖြစ် တိုင်းရင်းသား အားလုံးက အသိအမှတ်ပြုခဲ့ကြတာပါ။ ဒီတော့ လွတ်လပ်ရေးရဲ့ အထိမ်းအမှတ်အဖြစ် ကျောက်တိုင် စိုက်ထူမယ်ဆိုတော့ ဒီအထိမ်းအမှတ် ပုံစံကိုပဲ နမူနာယူကြတယ်။ အလယ်ခေါင်က ကြယ်ကြီးကို ကြယ်ငါးလုံး ရံထားတဲ့ ဒီဇိုင်းကို အခြေခံပြီး ရန်ကုန်မှာ ပထမဆုံး လွတ်လပ်ရေးနေ့ ကတည်းက လွတ်လပ်ရေးကျောက်တိုင်ကို အုတ်မြစ်ချ တည်ဆောက်ခဲ့တယ်။

အလားတူ ပုံစံတူ လွတ်လပ်ရေးကျောက်တိုင်ကို ဒုတိယမြို့တော် မန္တလေးမှာ ၁၉၅၃ ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့မှာ စတင် တည်ဆောက်ဖို့ ပန္နက်ရိုက်ခဲ့တယ်။ မန္တလေး လွတ်လပ်ရေးကျောက်တိုင်ကြီးက မန္တလေးနန်းတွင်း အင်္ဂါထောင့် (အရှေ့တောင်ထောင့်)မှာရှိတဲ့ ပိုလိုကွင်းလို့ ခေါ်တဲ့ ကွင်းကြီးမှာပါ။ ပန္နက်ရိုက်ပွဲကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေ၊ နိုင်ငံတော် ဝိနည်ဓိုရ် ဆရာတော်ကြီးတွေ ကြွရောက်ပြီး ပရိတ်တော်များ ချီးမြှင့်ပေးတော်မူကြတယ်။ မင်္ဂလာအချိန် ကျရောက်တဲ့ နံနက် ၁၀နာရီ ၁၆မိနစ် ၁စက္ကန့်အချိန်မှာ အမျိုးသားစီမံကိန်း၊ သာသနာရေး၊ ယဉ်ကျေးမှုဌာနဝန်ကြီး ဦးဝင်းက တနင်္ဂနွေထောင့်က စပြီး ရွှေတူနဲ့ ပန္နက်များ စတင် ရိုက်သွင်းပေးတယ်။ ပန္နက်များ ရိုက်သွင်းနေစဉ်၊ဗေဒင်ပညာရှိ ဦးကျော်ဇောက သိဒ္ဓိဇေယျမင်္ဂလာ အခါတော် ကျရောက်ကြောင်း ဖတ်ကြားပြီး သီရိမင်္ဂလ ပရိတ်တော်အဖွဲ့ ဦးဘသော်က စိန္တာမဏိသျှန္တီမန္တာန်ကို ရွတ်ဖတ်ကြပါတယ်။ ပန္နက်ရိုက်ခဲ့တဲ့ လွတ်လပ်ရေးကျာက်တိုင်ကြီးကို နောက် ၃ လအကြာ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၄ရက်၊ ၇ကြိမ်မြောက် လွတ်လပ်ရေးနေ့အမီ တည်ဆောက်ဖို့ ဝန်ကြီးချုပ် ဦးနုကန်ကြားလို့ ဝန်ကြီး ဦးဝင်း ကြီးမှူးပြီး ကုန်ကျမယ့်ငွကျပ် ၃၀၀၀၀ အနက် မန္တလေးနေပြည်တော် လူထုကိုယ်စား မန္တလေးမြူနီစီပယ်အဖွဲ့ ရန်ပုံငွေက ငွေကျပ် ၁၀၀၀၀ ထည့်ဝင် တည်ဆောက်ခြင်း ဖြစ်ပါတယ်။

၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်က မန္တလေး အနောက်တောင် ကျုံးထောင့်မှာ ကျင်းပတဲ့ ၇ကြိမ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည်နေ့မှာ ကျောက်တိုင်သစ်ဖွင့်ပွဲကိုပါ ကျင်းပခဲ့တာကလည်း အမှတ်တရပါ။ မနက် ၄နာရီကတည်းက ကျောက်တိုင်ဖွင့်ပွဲအတွက် လူထုပရိသတ်က တိုးမပေါက်အောင် စည်ကားနေပါပြီ။ မနက် ၄နာရီ ၅မိနစ်အတိတိမှာ ပုဏ္ဏားပညာရှိ ၇ယောက်က အန္တရာယ်ကင်း ဂါထာမန္တရားတွေ ရွတ်ဆိုကြတယ်။ ၄နာရီ ၁၅မိနစ်တိတိမှာတော့ မန္တလေးတိုင်းမင်းကြီး သရေစည်သူ ဦးအောင်မြင့်က နိုင်ငံတော်အလံ လွှင့်ထူတယ်။ ၄နာရီမိနစ်၂၀မှာ ဗိုလ်မှူးအေးငွေ ဦးဆောင်ပြီး သစ္စာ၄ချက်ကို တိုင်ပြီး
လူထုပရိသတ်က လိုက်ဆိုကြတယ်။ ဒီအချိန်မှာ ဗမာ့တပ်မတော်က အမြောက်၅ချက် ပစ်ဖောက်လိုက်တာနှင့် မန္တလေးတစ်မြို့လုံးက စက်ရုံတွေ၊ မီးရထား၊ မီးသင်္ဘောတွေက ဥသြသံရှည်တွေ ဆွဲပြီး အလေးပြုကြတယ်။ ဥသြသံတွေတင် မကပါဘူး။စေတီတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျာင်းတွေက ကြေးစည်သံ၊ ခေါင်းလောင်းသံတွေပါ ဘဝဂ်တိုင်မျှ ထွက်ပေါ်လာတာတယ်။ မနက် ၇နာရီတိတိမှာတော့ ကျုံးထောင့်မှာရှိတဲ့ ဗဟိုမဏ္ဍပ်မှာ သံဃာ ၁၀၈ပါးကို ဆွမ်းကပ်လှူပြီး အမျှအတန်းပေးဝေကြတယ်။ မနက် ၇နာရီ ၃၀တိတိမှာ ကျောက်တိုင်သစ်ဖွင့်ပွဲ စတင် ကျင်းပပါပြီ။ မန္တလေးတစ်မြို့လုံးရှိ ပညာရှိပြက္ခဒိန်တော် ဆက် အဖွဲ့ကြီးက မင်္ဂလာသြဘာစာ ဖတ်ကြားပြီး၊ နံနက် ၈နာရီတိတိ အချိန်မှာတော့ ပုဏ္ဏားပညာရှိ “ဦးလောကသာရ”က အခါတော် ကြားစာ ဖတ်ကြားပြီး၊ တိုင်းမင်းကြီး သရေစည်သူဦးအောင်မြင့်က အခြေမှာ ပြည်ထောင်စု အလံတော် ဖုံးအုပ်ထားတဲ့ လွတ်လပ်ရေးကျောက်တိုင်သစ်ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။

ကျောက်တိုင်သစ် ဖွင့်ပွဲမှာ မြို့လူထု၊ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ အလုပ်သမားများသာမက တပ်မတော်ကပါ အင်နဲ့အားနဲ့ တက်ရောက်လို့ အထူး စည်ကားလှတယ်။ ကျောက်တိုင်သစ် ဖွင့်ပွဲကျင်းပရာ မဏ္ဍပ်မှာ ခရိုင် ဖဆပလ ဥက္ကဋ္ဌကြီး ဦးဘကြွယ်က ဝန်ကြီးချုပ် ဦးနုရဲ့ သဝဏ်လွှာကို ဖတ်ကြားတယ်။ ပြီးတာနှင့် ကျောင်းသူကျောင်းသား ၆၀၀၀ကျာ်က ကာယအလှ လေ့ကျင့်ခန်းတွေ ပြကြသတဲ့။ စက်ဘီး အမြန်စီးပွဲ၊ အားကစားပြိုင်ပွဲ၊ လက်နှိပ်စက်ပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပကြပါတယ်။ ကျောက်တိုင်သစ် ဖွင့်ပြီးတာနှင့် ဗမာ့တပ်မတော်က စစ်ရေးပြကာ အလေးပြုတယ်။ တပ်မတော်က အလေးပြုတာကို “ဗိုလ်မှူးတင်ဦး” က စင်မြင့်ထက်က ခံယူတယ်။ ပြီးတာနှင့် နိုင်ငံတော်သမ္မတကြီး သဝဏ်လွှာကို တိုင်းမင်းကြီး ဦးအောင်မြင့်က ဖတ်ကြားပါတယ်။ စစ်ရေးပြတဲ့ တပ်မတော်သား ၁၀၀၀ နှင့်အတူ ရဲအတတ်သင်ကျောင်းက သင်တန်းသား ၈၀၀ကျော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေက မင်္ဂလာတံခါးကနေ ၂၆ဘီလမ်း အနောက်ဈေးချိုနာရီစင်၊ ဒီမှတစ်ဆင့် ၈၄လမ်းအတိုင်း တောင်ဖက် ၃၅ လမ်းအထိ၊ ဒီနောက် ၃၅လမ်းအတိုင်း အနောက် မလွန်ဘောလုံးကွင်းအထိ စစ်ရေးပြ ချီတက်ကြတယ်။

ကျောက်တိုင်သစ်ကြီးက အမြင့် ၁၃၂ပရှိပြီး၊ အမြင့် ၂၇ပေခွဲရှိတဲ့ ကြယ်ပုံသဏ္ဍာန် ကျောက်တိုင်ငယ် ၅လုံးက ခြံရံထားတယ်။ ထည်ဝါမြင့်မားပြီး မြို့ရိုးပြအိုးပြာသာဒ်တွေနောက်ခံနဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးဟာ အပြာရောင် မိုးကောင်းကင်မှာ ခံ့ညား ကျက်သရေရှိလှပါတယ်။ အခု ကျောက်တိုင်သစ်ကြီး မတည်ဆောက်ခင်မှာတော့ ယာယီ စက္ကူကျောက်တိုင်နဲ့ပဲ လွတ်လပ်ရေးအောင်ပွဲ အခမ်းအနား ကျင်းပခဲ့ရတယ်။ နောက်ပိုင်း ဆက်တိုက် ဆိုသလို လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားတွေကို နှစ်စဉ် ပရိသတ် သိန်းချီဆန့်တဲ့ နန်းတွင်းကျောက်တိုင်ကွင်းနဲ့ တောင်ဖက် ကျုံးနဘေးမှာ စည်စည်ကားကား ကျင်းပခဲ့လို့ ညပိုင်းရောက်ရင် မီးရောင်စုံနဲ့ တင့်တယ်လှတဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးကို အမြဲမြင်တွေ့ကြရတယ်။

အလားတူမတ်လ ၂၇ရက် တော်လှန်ရေးနေ့ ရောက်ပြန်ရင်လည်း နန်းတွင်းကျောက်တိုင်ကွင်းမှာ ပြပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ကျင်းပလို့ မြို့လူထုက လွတ်လပ်စွာ ဝင်ထွက် ဆင်နွှဲကြတာပေါ့။ ဘုရားကြီး ၄၅တာကွင်း ကနေ နန်းတွင်းကျောက်တိုင်ကွင်းအထိ တပ်မတော်စစ်ကြောင်းတွေ ချီတက်တော့ မြို့လူထုက ပန်းစည်းဆက် ကြိုဆိုကြလို့..။ လွတ်လပ်ရေး ကျောက်တိုင်ကြီးနဲ့ တော်လှန်ရေး မီးရှုးတိုင်ကိုလည်း မီးရောင်စုံထွန်းညှိလို့..။

အခုတော့ မန္တလေးမှာ လွတ်လပ်ရေးကျာက်တိုင်ကြီး ရှိတယ်ဆိုတာ နှောင်းခေတ်လူငယ် တော်တော်များများ မသိကြတော့ပါဘူး။ ဒါကလည်း အပြစ်မဆိုသာပါဘူး။

(အချက်အလက်များအတွက် အကူအညီပေးတဲ့ ကိုအောင်မြင့်ဦး(လူထုစာကြည့်တိုက်)နဲ့ ဓာတ်ပုံအကူအညီပေးတဲ့ မင်းထက်အောင် (ကိုယ်ပွား)တို့ကို ကျေးဇူးတင်ပါတယ်)

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW