ရခိုင်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား/သူ (၃၁၇)ဦး လွတ်လာပေမယ့် နိုင်ငံရေးအမှုတွေမပါဝင်

ဇန်နဝါရီ ၄- ၂၀၂၃
SW(VOM)

ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ နိုင်ငံတဝန်းအကျဉ်းသား/သူ ထောင်နဲ့ချီလွတ်ငြိမ်းချမ်းသာခွင့်ရကြပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်က ၃၁၇ ဦးပါဝင်ပေမယ့် နိုင်ငံရေးအမှုတွေမပါဝင်ဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်က လွတ်ငြိမ်းခွင့်ရတဲ့ထဲမှာ စစ်တွေအကျဉ်းထောင်က ၅၇ ဦးပါဝင်ပြီး အဲဒီထဲမှာ အမျိုးသမီး ၄ ဦးသာ ပါဝင်တာဖြစ်ပါတယ်။

တခြား ဘူးသီးတောင်အကျဉ်းထောင်က အမျိုးသား ၃၀ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ပါဝင်ပြီး သံတွဲအကျဉ်းထောင်ကတော့ ၂၀၆ ဦးနဲ့ တပြည်နယ်လုံးမှာ လွတ်ငြိမ်းချမ်းသာခွင့်ရသူ အရေအတွက် အများဆုံးဖြစ်ပြီး အဲဒီထဲမှာ အမျိုးသား (၁၄၅) ဦးနဲ့ အမျိုးသမီး (၆၁) ဦး ပါဝင်တယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ရတာနဲ့ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူတဦးရဲ့ ဆွေမျိုးဖြစ်သူအမျိုးသမီးက “ သူက မတရားအဖမ်းခံရတာပါ။ အခုလို ပြန်လွတ်လာတယ်ဆိုတော့ အတိုင်းမသိဝမ်းသာ မိပါတယ်။ ကျန်တဲ့ သူတွေကိုလည်း သူ့လို လွတ်မြောက်စေချင်ပါတယ်” လို့ ပြောပါတယ်။

အခုလို နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ထဲ နိုင်ငံရေးအမှုတွေမပါဝင်တာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ရကြရာမှာ ရခိုင်ပြည်နယ်က အကျဉ်းသား (၁၄၉) ဦးလွတ်ရာမှာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူတွေ မပါဝင်ခဲ့ပါဘူး။

အခုလိုမျိုး နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူတွေကို လွတ်ငြိမ်းခွင့်ပေးဖို့ မိသားစုဝင်တွေကတောင်းဆိုနေကြပြီး နိုင်ငံရေးအကျဉ်းသားများအရေးကူညီဆောင်ရွက်နေသူတွေကလည်း ထောက်ပြကြပါတယ်။

နိုင်ငံတော်အဆင့် အထိမ်းအမှတ်နေ့ရက်တွေမှာ အကျဉ်းသားတွေဟာ အခုလိုမျိုးလွတ်ငြိမ်းခွင့်ရကြပေမယ့် နိုင်ငံရေးအမှုနဲ့ ရင်ဆိုင်နေရသူတွေပါမလာတာကို မိသားစုဝင်တွေက စိတ်မကောင်းဖြစ်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #လွတ်ငြိမ်းချမ်းသာ #နိုင်ငံရေးအမှုတွေမပါဝင်

Related posts

Leave a Comment

VOM News

FREE
VIEW