ရန်ကုန်မှာ အခုလ ၉ ရက်နေ့ကစပြီး လူဦးရေစာရင်း လိုက်ကောက်မယ်

ဇန်နဝါရီ ၄ – ၂၀၂၃
VOM (GG)

ရန်ကုန်တိုင်းမှာ လူဦးရေစာရင်း ကောက်ယူခြင်းကို အခုလ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လူဦးရေစာရင်းကောက်ယူတဲ့အခါမှာ တိုင်းအတွင်းနေထိုင်သူ တဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် မှန်မှန်ကန်ကန်ရရှိဖို့အတွက် တအိမ်တဆင်း မြေပြင်ကွင်းဆင်း ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” လတ်တလောသိချက်အရတော့ စာရင်းကောက်တဲ့အခါ ကျနော်တို့ ထွေ/အုပ်ပါမယ်၊ ရွေးကောက်ပွဲကော်မရှင် ပါမယ်၊နောက်ပြီး လူဝင်မှုကြီးကြပ်ရေးပါမယ်။ လူမှုရေးအဖွဲ့တွေလည်း ပါမယ်လို့တော့ ပြောတယ် အဲ့ဒါတော့သေချာမသိဘူး”လို့ လှိုင်သာယာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကပြော ပါတယ်။

မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့ ကနေ ၃၁ ရက် နေ့အတွင်း အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ပြီး စာရင်းကောက်ရတဲ့ လူဦးရေစာရင်းနဲ့ အချက်အလက်တွေကို eid-software နဲ့ ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

” စာရင်းကောက်မယ်ဆိုတာတော့သိတယ်။ ဘယ်နေ့ လာကောက်မယ်ဘာညာတော့ မသိသေးပါဘူး။ ရပ်ကွက်ကလည်း အသိပေးတာမျိုးတော့မရှိသေးဘူး။ အရင်တုန်းကလည်း စာရင်းကောက်တယ်ဆိုပြီး နာမညိမပါလို့ ထပ်ထည့်ရတာနဲ့ အချက်အလက်မတူရတာနဲ့ ပြန်ပြင်နေကြရတာပဲ။ အခုလည်းဘယ်လိုလာမလဲ မသိဘူး။မဲပေးဖြစ် မပေးဖြစ်ကတော့ မသိသေးဘူး”လို့ ရန်ကုန် ၊ မြောက်ဥက္ကလာဒေသခံတဦးကပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်မှုရှိအောင်ဆိုပြီး လူဦးရေစာရင်းကောက်ယူခြင်းကို တိကျစွာလုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ရန်ကုန်ကလူဦးရေးစာရင်းကောက်ယူမှုကိုတော့ ရန်ကုန်တိုင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီကနေ ကြီးကြပ်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကို လာမယ့် ဩဂုတ်လမှာ ရွေးပြန်လည်ကျင်းပပေးသွားမယ်လို့ အသိပေးကြေညာထားတာလည်း ရှိပါတယ်။

ဒါ့ကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ မဲစာရင်းအတွက် လူဦးရေစာရင်းကောက်ယူခြင်းကို လုပ်ဆောင်ဖို့ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေးသင်တန်းတွေလည်း ပို့ချနေတယ်လို့ သိရပါတယ်။

Photo- Department of population(DOP)
#voiceofmyanmar #VOM #ရန်ကုန် #လူဦးရေစာရင်းကောက်ယူခြင်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW